အိုင်အက်စ် လိုလားသူတစ်ဦး ကြောင့် တေလာဆွစ်၏ ဗီယင်နာ ဖျော်ဖြေရေး ဖျက်သိမ်း

0
221

တိုက်ခိုက်ရန် ကြံစည်နေမှုကြောင့် အိုင်အက်စ် လိုလားသူတစ်ဦးကို သြစတြီးယား အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန် နာမည်ကြီးအဆိုတော် တေလာဆွစ်၏ ဗီယင်နာ ဖျော်ဖြေရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပွဲစီစဉ်သူများက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ဗီယင်နာဒေသတွင် တိုက်ခိုက်ရန် စီစဉ်နေသည့် အသက် ၁၉ နှစ်အရွယ် အိုင်အက်စ် စစ်သွေးကြွ လိုလားသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး ၎င်းသည် ဆွစ်၏ ဖျော်ဖြေပွဲသုံးခုကို အဓိကရည်ရွယ်ထားကြောင်း သတိပေးခဲ့သည်။

“Ernst Happel အားကစားကွင်းမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ထားတယ်ဆိုတဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ အားလုံးရဲ့ ဘေးကင်းလုံခြုံမှု အလို့ငှာ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲသုံးခုကို ဖျက်သိမ်းရုံကလွဲလို့ ရွေးစရာမရှိပါဘူး” ဟု Barracuda Music က အင်စတာဂရမ်တွင် ပြောဆိုခဲ့သည်။

လက်မှတ် ဝယ်ယူထားသူအားလုံကို ငွေပြန်အမ်းသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။ ကြာသပတေး၊ သောကြာ၊ စနေနေ့ ဖျော်ပွဲတစ်ခုစီအတွက် ပရိသတ် ၆၅၀၀၀ ခန့် လာရောက်ရန် မျှော်လင့်ထားသည်ဟုလည်း သိရသည်။

မကြာခင်သီတင်းပတ်များအတွင်းက အိုင်အက်စ်အဖွဲ့ကို သစ္စာခံသည်ဟု ဆိုသော အမျိုးသားကို မြို့တော် ဗီယင်နာမှ တစ်နာရီခန့်မောင်းနှင်သွားရသည့် Lower Austria တွင် ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သြစတြီးယား ထိပ်တန်းလုံခြုံရေးအကြီးအကဲ ဖရန့်ဇ် ရုဖ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

သံသယရှိသူ၏ နေအိမ်မှ ဓါတုဗေဒပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ ထို့အပြင် သံသယရှိသူနှင့် အဆက်အသွယ်ရှိသည်ဟု ယုံကြည်ရသော နောက်ထပ်တစ်ဦးကိုလည်း ဗီယင်နာတွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ကနဦး စုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူနှစ်ဦးစလုံးသည် အင်တာနက်ပေါ်မှတဆင့် အစွန်းရောက်အယူအဆများ ဆည်းပူးခဲ့သည်ဟု ဆိုသည်။

Ref: အေအက်ဖ်ပီ


LEAVE A REPLY

Please enter your comment!
Please enter your name here