အင်းစိန်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အသက် (၆၀)ကျော် လင်မယားနှစ်ဦး အသ-တ်ခံရမှုမှ ကျူးလွန်သူ (၄)ဦးကို ဖမ်းဆီးရမိ

0
644

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ၊ တိုက်အမှတ် (၃၃)၊ အခန်း (၀၀၁)တွင် နေထိုင်သည့် အသက် (၆၀)ကျော်အရွယ် လင်မယားနှစ်ဦး အသတ်ခံရမှုမှ ကျူးလွန်သူ (၄)ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဩဂုတ် (၄) ရက် နံနက် (၈)နာရီခွဲအချိန်ခန့်တွင် ‌ေ-သဆုံးသူ လင်မယား (၂)ဦး၏ အငှားယာဉ်မောင်း ကိုအောင်ကိုထိုက် မှ ၎င်းတို့အား အုံနာခပေးအပ်ရန် အခင်းဖြစ်ပွားသည့် နေအိမ်သို့ သွားရောက်ချိန် နေအိမ်မှာ သော့ခတ်ထားပြီး ခေါ်မရသောကြောင့် ချွေးမဖြစ်သူ မခင်ဆုယဉ်ထံ အုံနာခသွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချွေးမဖြစ်သူ မခင်ဆုယဉ်မှ အုံနာခရရှိကြောင်း ယောက္ခမ (၂)ဦးထံ ဖုန်းခေါ်ဆို အသိပေးရာ ဖုန်းမကိုင်သည့်အတွက် နေအိမ်သို့ လိုက်သွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်အရောက် အိမ်အနောက်ဘက်ရှိ တံခါးမှာ စေ့ထားသောကြောင့် ဝင်ရောက်ကြည့်ရှုရာ ယော က္ခမနှစ်ဦး ‌ေ-သဆုံးနေကြောင်း တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ စုံစမ်းရာ ပြစ်မှုကျူးလွန်သူ (၄)ဦးမှာ သားအဖ (၂)ဦးစီဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ‌ေ-သဆုံးသူ ဇနီးမောင်နှံ့ထံမှ ဘထ္ထရီတပ်ဆင်ထားသည့် ဆိုက္ကားကို တစ်ရက်လျှင် (၄၅၀၀) ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသူများ ဖြစ် ကြောင်း သိရသည်။

အခင်းဖြစ်သည့်နေ့တွင် ဆိုက္ကားအပ်ပြီး အပြန် ည (၉) နာရီခန့်က ထပ်မံလာရောက်ရှိကာ ဆိုက္ကားအတွင်း အခန်းသော့ကျန်ခဲ့၍ လာယူသည်ဟု ပြောဆိုပြီး တိုက်ခန်းအပြင်တွင် နှစ်ဦးစောင့်ကာ ကျန်နှစ်ဦးမှာ တံခါးဖွင့်ပေးစဉ် အသင့်ပါလာသော ဓါးချွန်နှင့် ဒေါ်ခင်အေးရီကို ထိုးသ-တ်လိုက်ပြီး၊ ဦးအောင်မြင့် ထွက်လာစဉ် အနားရှိ ငရုပ်ဆုံနှင့် ခေါင်းကို ထုခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ၎င်းတို့မှ နေအိမ်ထဲရှိ ငွေ (၅)သိန်းနှင့် ဖုန်းတစ်လုံး ယူဆောင်သွားကြောင်း ထွက်ဆိုထားပြီး အမှုကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အမှုအား အင်းစိန်မြို့မ ရဲစခန်းမှ မှုခင်းရဲတပ်ဖွဲ့ (CID) သို့ အမှုလွှဲပြောင်းပြီး၊ ရန်ကုန်တိုင်း မှုခင်းအကူအထူးရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို အပူတပြင်း ရှာဖွေရာ (၂)ရက်အတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here