“ဝ” ဒေသ ဟိုပန်မြို့ရှိ ဒေသခံများ အသက်ဘေးလုံခြုံရေးအတွက် ကိုးကန့်ဘက်ခြမ်းသို့ ခရီးသွားလာခြင်းမပြုရန် ဟိုပန်မြို့ ခရိုင်အစိုးရ ညွှန်ကြား

0
96

“ဝ” ဒေသ ဟိုပန်မြို့ရှိ ဒေသခံများ အသက်ဘေးလုံခြုံရေးအတွက် ဟိုပန် – ဖောင်ဆိပ်တစ်ဘက်ခြမ်းရှိ ကိုးကန့်ဒေသဘက်သို့ ခရီးသွားလာခြင်းမပြုကြရန် ဟိုပန်မြို့ ခရိုင်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

ဩဂုတ်(၆)ရက်က ဟိုပန်မြို့ရှိ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံ၍ အသိပေးထားပြီး ဗဟိုအစိုးရ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်ဟု သိရသည်။

ယင်း ညွှန်ကြားချက်နှင့် ပတ်သက်၍ လားရှိုးမြို့ “ဝ”ဆက်ဆံရေးရုံး၏ ပြင်ပဆက်ဆံရေးအရာရှိဖြစ်သူ ဦးညီရမ်းအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာ “မှန်ပါတယ်” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတား တစ်ဘက်ခြမ်းသည် ကိုးကန့်ဒေသဖြစ်ပြီး၊ ယင်း ဖောင်ဆိပ်တံတားမှာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ရပြီး (၈) လကြာဖြတ်သန်းသွားလာ၍မရရှိဘဲ ဇူလိုင်(၂၅) ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဟိုပန်မြို့ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA က ထိန်းချုပ်ထားပြီး ပြည်နယ်တရားဝင် ခရိုင်တစ်ခုအဖြစ် ဇွန်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ (၂၈) ရက်၌ “ဝ” ပြည်နယ် ခရိုင်အဆင့် ခေါင်းဆောင် အသီးသီးတင်မြှောက်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်ဟု “ဝ”ဒေသ သတင်းဌာနတစ်ခုတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here