ပြင်ပဈေးကွက်တွင် ရွှေတစ်ကျပ်သား သိန်း (၇၀) ကျော်အထိမြင့်တက်လာ

0
404

ပြည်တွင်း ပြင်ပရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သား သိန်း ၇၀ ကျော်အထိမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဈေးကွက်အတွင်း ပေါက်ဈေးအတိုင်း ရောင်းဝယ်နေကြရသလို အထည် ပြန်ဝယ်သည့်အခါတွင်လည်း ၁၀ ရာခိုင်နှုန်းလျှော့၍ ဝယ်လာကြကြောင်း သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်ထားသည့် ရည်ညွှန်းရွှေဈေးသည် ၄၆၇၀၀၀၀ ကျပ် ကျော်သာရှိသော်လည်း ရွှေဈေးကွက်အတွင်း
၇၀၅၀၀၀၀ ကျပ်ဖြင့် အရောင်းဖွင့်၍ ရောင်းဝယ်နေကြကြောင်း သိရသည်။

ထို့ပြင် ရွှေဆိုင်များ၏ ဆိုင်နံရံနှင့် ဆိုင်ရှေ့များတွင် ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားသည့် ရွှေရည်ညွှန်းဈေးကို ထုတ်ပြန်ချိတ်ဆွဲထားသော်လည်း အရောင်းအဝယ်လုပ်ကြသည့်အခါတွင် ဈေးကွက်ပေါက်ဈေးအတိုင်းသာ ရောင်းဝယ်နေကြကြောင်း သိရသည်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းတွင် ရွှေတကျပ်သား ၅၇ သိန်းကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့သည့်အတွက် ရွှေဆိုင်ပိုင်ရှင်များအပါအဝင် ပွဲစားများနှင့် ရွှေအရောင်းအဝယ် လုပ်သူများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းကြောင့် အ ချို့ရွှေဆိုင်များ ပိတ်ထားခဲ့ပြီး အရောင်းရပ်ဆိုင်းထားခြင်းများရှိခဲ့သည်။

ရန်ကုန်ရွှေအသင်းက ရွှေဆိုင်များအနေဖြင့် ၎င်းတို့ ထုတ်ပြန်သည့် ရည်ညွှန်းဈေးဖြင့်သာ ရောင်းဝယ်ကြရန် နေ့စဉ် သတိပေးနေသော်လည်း ဈေးကွက်အတွင်း အမှန်တကယ် အရောင်းအဝယ်ဖြစ်နေသော ဈေးများမှာ ခေါက်ချိုးနီးပါး ကွာဟနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here