ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာ ၅၇၅၀ ကျပ်အထိ ဈေးမြင့်တက်လာ

0
234

ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၅၇၅၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်ပြင်ပငွေကြေး ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထိုကဲ့သို့ ငွေလဲနှုန်းအဆမတန် မြင့်တက်နေပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကာ ဒေါ်လာငွေလာရောက်လဲလှယ်သူများကို မရောင်းချဘဲ ခေတ္တနားထားကြောင်းလည်း သွားရောက်လဲလှယ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“မနက်ဖန် သွားဖို့ရှိတာ၊ လေဆိပ်မှာက show money က ဒေါ်လာ ၅၀၀ ပြရမှာဆိုလို့ လိုက်လဲတာ မရဘူး။ အရောင်းနားထားတယ်ဆိုတာချည်းပဲ” ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။

လက်ရှိတွင် ဒေါ်လာလဲလှယ်ရေးသည် အတက်စျေး၌သာ ရှိနေသော်လည်း မဖြစ်မနေဝယ်ယူရမည့် သူမှအပ အဝယ်လိုက်မှုမရှိကြောင်းလည်း စုံစမ်းသိရသည်။

“ဒီငွေလဲတဲ့ Group ထဲမှာ ၅၈၀၀ ခေါ်တဲ့လူတွေရှိတယ်။ အဝယ်မရှိဘူး” ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကလည်း ပေါ်ပြူလာနယူးသို့ ပြောသည်။

ထိုကဲ့သို့ မြင့်တက်ရခြင်းမှာစောင့်ကြည့်ရသည့် စျေးကွက်တခုဖြစ်နေကြောင်း ငွေလဲလှယ်သည့် လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ထားသည်။

ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများမှာ ဇူလိုင် (၂၄) ရက်မှ (၂၆) ရက်အထိ (၅,၀၀၀) ကျပ်အထိမြင့်တက်ခဲ့ပြီး ဇူလိုင် (၃၁) ရက်တွင် တစ်ဒေါ်လာ (၅,၃၇၀)ကျပ် အထိ မြင့်တက်ခဲ့သည်။

ဩဂုတ် (၂) ရက်တွင် တစ်ဒေါ်လာ ကျပ် (၅,၄၅၀)၊ ဩဂုတ်လ (၃) ရက်တွင် တစ်ဒေါ်လာ (၅,၄၀၀) ကျပ်၊ ဩဂုတ်လ (၄)ရက်တွင် တစ်ဒေါ်လာ (၅,၃၈၀) ကျပ်၊ ဩဂုတ်လ (၅) ရက်တွင် တစ်ဒေါ်လာ (၅,၃၅၀) ကျပ်၊ ဩဂုတ်လ (၆) ရက်တွင် (၅,၄၈၀)ကျပ်၊ ဩဂုတ်လ (၇) ရက်တွင် တစ်ဒေါ်လာ (၅,၆၀၀) ကျပ်၊ ဩဂုတ်လ (၈) ရက်တွင် (၅၇၅၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here