မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ် ရရှိပြီးသူများကို မသန်စွမ်းထောက်ပံ့ကြေးများ ပေးအပ်မည်

0
207

မသန်စွမ်းသူများဆိုင်ရာ အချက်လက်များ တိကျမှန်ကန်မှုရှိစေရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် (၁၈) ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် စီမံကိန်းနယ်မြေ (၆)ခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိပြီးသူများကို မသန်စွမ်းထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ဩဂုတ် (၈) ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပစဉ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် (၁၈) ရက်တွင် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ် စီမံကိန်း (၂၀၂၂ – ၂၀၂၇)ကို သက်ဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌများဦးဆောင်၍ လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်တွင် အတည်ပြုဖြန့်ချိထားရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများ အမှန်တကယ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အကဲဖြတ်သုံးသပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အသေးစိတ်စိစစ်နိုင်ရေးအတွက် SOP (မူကြမ်း) ရေးဆွဲနိုင်ရေး Task Force အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းကလေးသူငယ်များအတွက် ပုဂ္ဂလိက အထူးပညာသင် ကျောင်း/ဌာန (၂၉) ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး အဆိုပါကျောင်းများတွင် မသန်စွမ်းကလေးငယ်များအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here