မူဆယ်တွင် တရုတ်ယွမ် (၁၀၀) လျှင် မြန်မာငွေ (၇၈,၀၀၀) အထိ ဆက်တိုက် မြင့်တက်လာ

0
282

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့တွင် ယနေ့ ဩဂုတ်(၉)ရက်မွန်းလွဲပိုင်းအချိန်အထိ တရုတ်ငွေယွမ် (၁၀၀) လျှင် မြန်မာငွေကျပ် (၇၈,၀၀၀) အထိ ဆက်တိုက်မြင့်တက်နေကြောင်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ယွမ် (၁၀၀)လျှင် မြန်မာကျပ်ငွေ (၇၃,၀၀၀)ကျပ်ရှိနေရာမှာ ညနေပိုင်းတွင် (၇၅,၀၀၀) ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခု တရုတ်ငွေပဲ ကိုင်ထားကြတာများတယ်။ မလိုအပ်ပဲ မြန်မာငွေ လက်ထဲမထားကြတော့ဘူး” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

ယခု ဩဂုတ်လ(၁)ရက်တွင် တရုတ်ယွမ် (၁၀၀) လျှင် ကျပ်ငွေ (၆၉,၅၀၀) ရှိနေရာမှ ယနေ့ ဩဂုတ်(၉)ရက် ညနေပိုင်းတွင် (၇၈,၀၀၀) ကျပ်အထိ မြင့်တက်လာနေခြင်းဖြစ်သည်။

တရုတ်ငွေဈေးမြင့်တက်လာခြင်းနှင့်အတူ ကုန်ဈေးနှုန်းများလည်း မြင့်တက်လာခြင်းကြောင့် ဒေသခံများ အခက်ကြုံနေကြရပြီး လုပ်ငန်းရှင်များကလည်း လုပ်အားခအား ကျပ်ငွေဖြင့်သာ ရှင်းလာသောကြောင့် စားဝတ်နေရေးအခက်ကြုံနေသည်များရှိကြောင်း ဆိုသည်။

“ဒီနယ်မှာ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ရတဲ့ကျပ်ငွေနဲ့က ဘယ်လိုမှ သုံးစွဲလို့မရတာ။ လုပ်ငန်းရှင်တွေကလည်း ပေါက်ဈေးအတိုင်းရှင်းပေးတာ မဟုတ်ဘူး။ မြန်မာ‌ငွေနဲ့ လုပ်အားခသတ်မှတ်ပြီးပဲ ရှင်းပေးတော့တာ။ အခြေခံလုပ်သားတစ်ယောက်ဆို (၉)သိန်းလောက်ရတယ်ဆိုပေမယ့် ဘယ်လိုမှမလောက်ဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here