ချင်းတွင်းမြစ်တွင်း ရေယာဥ်များ တရားမဝင် ကုန်ပစ္စည်းများစစ်ဆေးရာတွင် ငွေကြေး တောင်းခံပါကတိုင်ကြားနိုင်

0
266

ချင်းတွင်းမြစ်တွင်း ရေယာဥ်များ တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လုံခြုံရေးအရ ကန့်သတ်ထားသည့် ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး တာဝန်ရှိသူများမှအလေးထားကြပ်မတ် စစ်ဆေးဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကမှာကြားသည်။

“စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာမှာ မလိုလားအပ်တဲ့ ငွေကြေးတောင်းခံမှုတွေ မပြုလုပ်ရေးနဲ့ စစ်ဆေးရာမှာလည်း ငွေကြေး တောင်းခံတာတွေရှိခဲ့ရင် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို ရေယာဉ်အသင်းတာဝန်ရှိသူတွေက အချိန် နဲ့တပြေးညီ တင်ပြတိုင်ကြားသွားကြဖို့ လိုအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လိုအပ်တာတွေကိုတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေယာဉ်များအန္တရာယ် ကင်းရှင်းစွာ ပြေးဆွဲရေးနှင့်ကြီး ကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၉)ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပစဥ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရေယာဉ်အသင်းများမှ ကိုယ်စားလှယ်များနှင့် ရေယာဉ်ပိုင်ရှင်များတက်ရောက်သည်။

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်နှင့် ကုန်တင်ရေယာဉ်အသင်းများအနေဖြင့် ရေယာဉ်များအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေး၊ ပြေးဆွဲနေသည့်ရေယာဉ်များ ကြံ့ ခိုင်မှုရှိစေရေး၊ ခရီးသည်နှင့် ကုန်စည်များ မြန်ဆန်စွာစီးဆင်းနိုင်ရေးနှင့် သက်မှတ်နေရာများသို့ သတ်မှတ်အချိန်တွင်ရောက်ရှိရေး၊ သတ်မှတ်ဝန်တင်မျဉ်းထက်ကျော်လွန်၍ ခရီး သည်များနှင့် ကုန်စည်များ သယ်ဆောင်မှုမရှိစေရေးများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here