အမှန်တကယ် အရောင်းအဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် နိုင်ငံခြားငွေဈေးကွက်ပျက်ပြားစေရန် လုပ်ဆောင်နေသူများကို ဖော်ထုတ်နေ

0
244

နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်များတွင် လုပ်ဆောင်နေသူများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပြောသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို ပျက်ပြားစေလိုသူများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသည့်ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်များဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Telegram၊ Viber စသည့် Online Platform မျိုးစုံမှ အမှန်တကယ် အရောင်းအဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်မရှိဘဲ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် နှင့် နိုင်ငံခြားငွေဈေးကွက်ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတွင် NUGGETS စသည့် Viber Groupများ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ဆောင်သူများဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူ တိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw၊ US vs BURMA Dollar kyat Trade၊ ရွှေမင်းဂံငွေလဲဆိုင်၊ Khit Thit Media စသည့် Facebook Page များ, Group များ၊ Myo Zaw Aung – GOLD & CURRENCY စသည့် Telegram Channel များသည် အမှန်တကယ် အရောင်းအဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် ဖြန့်ဝေနေကြောင်း သိရသည်။

ယင်းသို့ နိုင်ငံခြားငွေဈေးနှုန်းများတင်ခြင်း၊ ရောင်းဝယ်ခြင်း ပြုလုပ်နေသည်များကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းသည့်ကာလများတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် အသေးသုံး နိုင်ငံခြားငွေသားများကို ပံ့ပိုးမှု တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ဆေးကုသရန် သွားရောက်မည့်သူများနှင့် ပညာသင်သွားရောက်မည့်သူများ၊ အစည်းအဝေး တက်ရောက်မည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက် ရှိသော Market Online Trading Rate +10 ကျပ်ဖြင့် ရောင်းချပေးလျက် ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားငွေရောင်းဝယ်မှုအခြေအနေများအား နေ့စဉ်တရားဝင်ထုတ်ပြန် ကြေညာပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here