ရေဘေးသင့်ဒေသများသို့ ကင်မ် ထပ်မံသွားရောက်

0
500
This picture taken between August 8 and 9, 2024 and released from North Korea's official Korean Central News Agency (KCNA) on August 10, 2024 shows North Korean leader Kim Jong Un visiting the flood-hit area in Uiju County of North Phyongan Province. (Photo by KCNA VIA KNS / AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် တရုတ်နိုင်ငံနှင့် နယ်စပ်အနီး ရေဘေးသင့်ဒေသများသို့ ယခုသီတင်းပတ်တွင် ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။ သွားရောက်စဉ်တွင် ရေဘေးဒုက္ခကြုံခဲ့သည့် လူဦးရေ ၁၅,၄၀၀ ခန့်အား နေအိမ်သစ်များ တည်ဆောက်၍ မပြီးခင်အထိ မြို့တော်သို့ လိုက်ပါနေထိုင်ကြရန်ကိစ္စရပ် အပါအဝင် ရေဘေးသင့်သူများအတွက် ထောက်ပံ့ရေးအစီအစဉ်များကို ရှင်းလင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက သြဂုတ် ၁၀ ရက်တွင် သတင်းဖော်ပြသည်။

ရေဘေးသင့်သူများကို အကူအညီများထပ်မံပေးရန်အတွက် ရေဘေးသင့်ဒေသများထဲမှ တစ်ခုဖြစ်သော Uiju စီရင်စုသို့ သြဂုတ် ၈ ရက်နှင့် ၉ ရက်တွင် ကင်မ်သွားရောက်ခဲ့ခြင်းဟု KCNA က ဆိုသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြောက်ကိုရီးယား၏ Sinuiju မြို့နှင့် Uiju စီရင်စုတို့တွင် လူနေအိမ် ထောင်နှင့်ချီ၍ ရေနစ်မြူပ်ခဲ့ကြောင်း မြောက်ကိုရီးယား အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောဆိုထားသည်။

ဇူလိုင်လကုန်ပိုင်းက ကင်မ်သည် ရေလွှမ်းမိုးမှုဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်း Garmi ကြောင့် မိုးကြီးရေလျှံမှုများဖြစ်ခဲ့ရာ ဒေသတွင် စစ်တပ်က လေယာဉ် ၁၀ စင်းခန့်ဖြင့် နေ့ဝက်အတွင်း လူဦးရေ ၄,၂၀၀ ကို အကြိမ် ၂၀ ခန့်ပျံသန်းကာ ကယ်ထုတ်ပေးခဲ့သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။

သက်ကြီးရွယ်အိုများ၊ စစ်သားများ၊ က-လေ-းများနှင့် မိခင်ဖြစ်သူများအတွက် ၎င်းတို့ နေအိမ်သစ်များ တည်ဆောက်မပြီးသေးချိန်အထိ ပြုံယမ်းတွင် နေထိုင်နိုင်မည့် နိုင်ငံတော်၏ ပံ့ပိုးမှု အစီအစဉ်များကို ကင်မ်က အသိပေးခဲ့ပြီး လူဦးရေ ၁၅,၄၀၀ ခန့်ကို မြို့တော်သို့ ခေါ်ဆောင်ထားနိုင်မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သောကြောင့် နေအိမ်သစ် တည်ဆောင်မှုများနှင့် ပြင်ဆင်ရေးလုပ်ငန်းများ ပြီးစီးပါက ရေဘေးသင့်သူများအနေဖြင့် ၎င်းတို့၏ လူနေမှုဘဝများ တည်ငြိမ်ရန်အလို့ငှာ နှစ်လမှ သုံးလခန့်အထိ အချိန်ယူရနိုင်ကြောင်း ကင်မ်က ပြောဆိုခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးလို့ကြောင်း ဆက်သွယ်ကမ်းလှမ်းခဲ့ကြသည့် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း သို့ရာတွင် နိုင်ငံအနေဖြင့် ၎င်း၏ ကိုယ်ပိုင်ခွန်အား၊ ကြိုးစားအားထုတ်မှုများနှင့်အတူ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ကင်မ်က အကြောင်းပြန်ခဲ့သည်ဟု KCNA က ဆက်လက်ဖော်ပြခဲ့သည်။

Ref: အေးရှားဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here