၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်(၂၃)ချက် ပြင်ဆင်အတည်ပြုနိုင်ရေး NSPNC နှင့် သုံးပွင့်ဆိုင် တွေ့ဆုံမည်

0
525

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက် (၂၃)ချက်အား ပြင်ဆင်အတည်ပြုရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (7 EAO Alliance) နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံမှုအား ဩဂုတ်လ(၂၃)ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့မတွေ့ဆုံမီ ဩဂုတ်(၂၁)ရက်နှင့် (၂၂)ရက်တို့တွင် NSPNC နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ သီးခြားတွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

လက်ရှိတွင် NSPNC က နိုင်ငံရေးပါတီ အစုအဖွဲ့များထံ ပေးပို့ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက် (၂၃)ချက်တွင် မည်သည့် အချက်များပါဝင်သည်ကို ပြောဆို၍ မရသေးကြောင်းနှင့် သုံးပွင့်ဆိုင်တွေ့ဆုံမှုရလဒ် ထွက်ရှိလာမှသာ အသိပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

” နိုင်ငံရေးပါတီအစုအဖွဲ့ကို ပို့ထားတဲ့ (၂၃) ချက်သည် EAO နဲ့ NSPNC နှစ်ဖက်တွေ့ပြီး သဘောတူပြီးသား ကိစ္စကို ကျွန်တော်တို့ရဲ့ သုံးသပ်သဘောထား မှတ်ချက်ရနိုင်အောင်ပို့တာလား။ NSPNC ဘက်ကပဲ အဆိုပြုချက်လားဆိုတာ မပြောတတ်ဘူး။ ကျွန်တော်တို့ ပါတီတွေနဲ့ NSPNC တွေ့ပြီးမှရလာတဲ့ ရလဒ်ကို ဆွေးနွေးကြမှာလားပေါ့။ သုံးပွင့်ဆိုင်ကို (၂၃)ရက်မှာ တွေ့ဖို့လုပ်ထားတယ်ဆိုရင် ဖြစ်နိုင်တာက အခုပို့ထားတဲ့ (၂၃)ချက်သည် 7EAO နဲ့ NSPNC သဘောတူညီထားပြီးလည်း ဖြစ်နိုင်ချေများတယ်။ သုံးပွင့်ဆိုင်တွေ့မှ အရင်သဘောတူညီထားတဲ့ အချက်နဲ့ အခု(၂၃) ချက်ကို သုံးဘက်သဘောတူညီမှု ရလာမယ်။ အဲဒါပဲ ကျွန်တော်တို့ပြောလို့ရမယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် NSPNC က ပေးပို့ထားသည့် အချက်(၂၃)ချက်အား ဩဂုတ်(၁၇)ရက်နှင့် (၁၈)ရက်တို့တို့တွင် နိုင်ငံရေးပါတီ အစုအဖွဲ့များ ကနဦးသီးခြားတွေ့ဆုံကြမည်ဖြစ်ပြီး၊ ယင်းတွေ့ဆုံပွဲပြီးမှသာ ပြောသင့်ပြောထိုက်သည်ကို အသိပေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန် (၁၉)ရက်နှင့် (၂၀)ရက် နှစ်ရက်တွင် NSPNC နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အခြေခံဥပ‌ဒေပြင်ဆင်ရေး အပါအဝင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။

သုံးပွင့်ဆိုင် ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အဖွဲ့ခေါင်းဆောင်တာဝန်ယူထားသည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာအောင်မြတ်ဦး ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပါအဝင် ပါတီအစုအဖွဲ့ဝင်များ တက်ရောက်မည်ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း တက်ရောက်ကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here