ကျေးသီးမြို့တွင် တစ်ထောက်နား စစ်ရှောင်များကိုသာ ခိုလှုံခွင့်ပြုတော့မည်

0
78

ရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမြို့တွင် တစ်ထောက်နား စစ်‌ဘေးရှောင်များမှအပ ရက်ရှည် ခိုလှုံမည့်သူများကို လက်မခံတော့ကြောင်း ကျေးသီးမြို့စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရက်ရှည် ခိုလှုံမည့်သူများကို လက်မခံခြင်းသည် မြို့၏ အကျယ်အဝန်းနှင့် နေရာအခက်အခဲများကြောင့် လက်မခံခြင်းဖြစ်ပြီး လက်ရှိတွင် ရက်ရှည် ခိုလှုံမည့်သူ စစ်ရှောင် (၅၀၀)ကို နေရာ(၈) နေရာ၌ ခိုလှုံခွင့်ပြုထားပြီဖြစ်ကြောင်းသိရသည်။

ကျေးသီးမြို့သို့ ရက်ရှည်ခိုလှုံရန် ရောက်ရှိနေသော စစ်ရှောင်အများစုမှာ လားရှိုးဒေသခံများဖြစ်ပြီး နမ့်ပေါင်နှင့် မိုင်းရယ်မှ ဒေသခံများလည်းပါဝင်ကြောင်း သိရသည်။

၎င်းတို့ကို ကျေးသီးမြို့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၅) ကျောင်း၊ ဟိန္ဒူဘုရားကျောင်း(၁)ကျောင်း၊အစ္စလာမ်ဗလီ (၁)ခုနှင့် ခရစ်ယာန် ဘုရားကျောင်း (၁)ကျောင်းတို့တွင် နေရာချပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့ခံတွေက တစ်မြို့လုံးပေါင်းရင်တောင်လူဦးရေ တစ်ထောင်လောက်ပဲရှိတာ။ ရက်ရှည်နေထိုင်မယ့်သူလက်မခံတာက နေရာထိုင်ခင်းအခက်အခဲကြောင့်ပါ။ တစ်ထောက်နားကတော့ လက်ခံပါတယ်။ တစ်ရက် နှစ်ရက်နားပြီးရင် လိုရာခရီးဆက်ထွက်ပေါ့။ ပြီးတော့ စားသောက်ရေးအတွက်လည်း ရေရှည်လာရင်အခက်ကြုံလာနိုင်တာကြောင့်လည်း ပါတယ် “ဟု ၎င်းက ဆိုသည်။

ကျေးသီးမြို့သည် SSPP/SSA၏ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်ပြီး ရှမ်းမြောက်နှင့် ရှမ်းတောင် နယ်နမိတ်ထိစပ်သည့်‌ နေရာဖြစ်သည့်အတွက် စစ်မီးကူးစက်လာမည်ကိုလည်း အထူးစိုးရိမ်နေကြကြောင်းဆိုသည်။

ကျေးသီးမြို့သည် ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး၏ အလယ်ဗဟိုချက်တွင် တည်ရှိနေသည့် မြို့ငယ်တစ်ခုဖြစ်ပြီး၊ ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါ၊ တန့်ယန်းမြို့တို့ဖြင့် နယ်နမိတ်ထိစပ်ကာ ရှမ်းတောင်တွင် မိုင်းရှူးဖြင့် နယ်နမိတ်ထိစပ်နေသည့် မြို့တစ်ခုဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကျေးသီး စစ်ရှောင်ကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here