ငလျင်သတိ ပေးချက်ထုတ်၍ ကုန်ပစ္စည်းများ အလုအယက်ဝယ်ကြ

0
237

ဂျပန်နိုင်ငံတွင် အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ကြောင်း အကြံပြုချက် ထုတ်ပြန်ခဲ့ရာ မရှိမဖြစ် ကုန်စည်အချို့ကို ပြတ်လပ်သည်အထိ အလုအယက်ဝယ်ယူကြသောကြောင့် ကုန်စည်များကို ဝယ်ယူစုဆောင်းခြင်းများမလုပ်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်း သိရသည်။

Amazon.com နှင့် Rakuten တို့၏ အွန်လိုင်းဈေးဝယ်ဆိုက်များတွင် သောက်ရေသန့်၊ သန့်စင်ခန်းသုံး စက္ကူများနှင့် တာရှည်ခံ အစားအသောက်ကဲ့သို့ ကုန်စည်များမှာ အရောင်းရဆုံး ကုန်ပစ္စည်းများအဖြစ် တမုဟုတ်ချင်း ရောက်ရှိသွားခဲ့ကာ အချို့ကုန်စည်များသည် ရောင်းကုန်သွားပြီဟုပင် သိရသည်။

DIY စတိုးဆိုင်လုပ်ငန်းစု၏ Cainz စတိုးဆိုင်အချို့တွင် သဘာဝဘေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ပါဝင်သော ကျောပိုးအိတ်များ၊ ကျလာသည့်အရာဝတ္ထု့များ အန္တရာယ် ကြိုတင်ကာကွယ်သည့် ပရိဘောဂပစ္စည်းများမှာလည်း ရောင်းကုန်သွားခဲ့သည်။ အထူးသဖြင့် ငလျင်ကြီး လှုပ်ခတ်လာနိုင်သည့် အလားအလာရှိ ေဒသများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂျပန်အလယ်ပိုင်းတွင် ယင်းကဲ့သို့ အလုအယက်ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်နေခဲ့သည်။

တိုကျိုမြို့ရှိ စူပါမားကက်တစ်ခုတွင် ငလျင်နှင့် ဆက်စပ်သော မီဒီယာသတင်းများကြောင့် အချို့ကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့မှုအတွက် စားသုံးသူများအား တောင်းပန်ပါသည်ဟုပင် စနေနေ့က ဆိုင်းဘုတ်ချိတ်ဆွဲထားခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဋ္ဌာနက အစားအသောက် သိုလှောင်စုဆောင်းမှုများနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် လမ်းညွှန်ချက်တစ်ခု မျှဝေကာ လူထုအနေဖြင့် အလုအယက်ဝယ်ယူစုဆောင်းခြင်းများ မလုပ်ကြရန် တောင်းဆိုခဲ့သည်။ ယင်းအစား နေ့စဉ်လိုအပ်သည့် အတိုင်းအတာထက် အနည်းငယ်မျှသာပိုမို ဝယ်ယူသင့်ကြောင်းနှင့် ဝယ်ပြီး စားသောက်ကုန်များ ကုန်သွားမှသာ ပြန်လည်ဖြည့်တင်းဝယ်ယူကြသင့်ကြောင်း ဝန်ကြီးဋ္ဌာနက အကြံပြုခဲ့သည်။

သောကြာနေ့ညပိုင်းက ပြင်းအားရစ်ခ်တာစကေး ၅.၃ ရှိ ငလျင်တစ်ခု တိုကျိုမြို့အနီး လှုပ်ခတ်သွားခဲ့မှုကြောင့်လည်း စိုးရိမ်ပူပန်မှုများ ပိုတိုးလာခဲ့သည်ဟု သိရသည်။ နိုင်ငံတော် ရာသီဥတု ဌာန က အဆိုပါငလျင်သည် ပစိဖိတ်ဒေသ နန်ကိုင်ထရောက်တွင် ဖြစ်ပေါ်နိုင်သည်ဆိုသော ငလျင်ကြီးနှင့် ဆက်စပ်မှုမရှိနိုင်ဟု ဆိုခဲ့သည်။ ယင်း ငလျင်ကြီး လှုပ်နိုင်ခြေနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် အကြံပြုချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here