သတ်မှတ်ထားသည့် တက္ကသိုလ်စံနှုန်းနှင့် မကိုက်ညီသေးသည့် ပုဂ္ဂလိက တက္ကသိုလ်များ ကောလိပ်အဖြစ်အမည်ပြောင်းရမည်

0
279

ပြည်တွင်း၌ ဖွင့်လှစ်နေသည့် ပုဂ္ဂလိက တက္ကသိုလ်များအနေဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ်စံနှုန်းနှင့်မကိုက်ညီပါက ကောလိပ်အဖြစ်အမည်ပြောင်းရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပုဂ္ဂလိက တက္ကသိုလ်ပေါင်း လေးဆယ်ကျော်ကို ပညာရေးဝန်ကြီးဌာနက University အမည်ဖြုတ်ချရန် ညွှန်ကြားထားကြောင်းလည်း ပုဂ္ဂလိကတက္ကသိုလ် တာဝန်ခံအ ချို့က ပေါ်ပြူလာနယူးသို့ ပြောသည်။

“စံနှုန်းအနေနဲ့ အချက် (၅၀) ကျော်ရှိတယ်။ အဲဒါတွေ ပြန်လိုက်လုပ်ပေးရမှာပေါ့နော်။ ဘောလုံးကွင်းက ဘယ်လိုပုံစံရှိရမယ် အဲဒါတွေလည်းပါတယ်” ဟု ပုဂ္ဂလိက တက္ကသိုလ်တာဝန်ခံတစ်ဦးကလည်း ပေါ်ပြူလာနယူးသို့ ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ သိရှိချက်အရ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ကာ ပုဂ္ဂလိက ပညာရေးဥပဒေ ၂၀၂၃ အရ ပညာရေးဝန်ကြီးဌာနတွင် ၂၀၂၄ နှစ်ဆန်းပိုင်းက ပြန်လည် မှတ်ပုံတင်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ပြန်လည်မှတ်ပုံတင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းမှ သွားရောက်စစ်ဆေးမှုပြုခဲ့ကာ သတ်မှတ်ထားသည့် တက္ကသိုလ်စံနှုန်းနှင့် မကိုက်ညီသော ပုဂ္ဂလိပိုင်တက္ကသိုလ်များကိုသာ ကောလိပ်အဖြစ် အမည်ပြောင်းလဲခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

ကောလိပ်အဆင့်သို့ လျှော့ချသတ်မှတ်ခံရသည့် ပုဂ္ဂလိကတက္ကသိုလ်များအနက် နာမည်ကြီး ကျောင်းတစ်ခုက စက်တင်ဘာလ (၁)ရက် မှ စတင်အမည်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအများစုသည် ယခင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရာတွင် ကောလိပ်အဆင့်အဖြစ် အသိအမှတ်ပြုသောကြောင့် ပြောင်းလဲ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here