မန္တလေးမြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အရောင်းဆိုင်များအတွက် Special အစီအစဉ်၊ Urgent အစီအစဉ်များဖြင့် ဆောင်ရွက်နေ

0
213

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ပေါ်တွင် အဓိကလမ်းမများနှင့် အချက်အချာကျသောနေရာများရှိ အရောင်းဆိုင်များအတွက် Special အစီအစဉ်၊ Urgent အစီအစဉ်များဖြ င့် စက်သုံးဆီဖြည့်တင်းနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ပေါ်တွင် ယခင်ရက်များအတွင်း လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု၊ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အကြောင်းရင်းမှာ ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းကြောင့် အရောင်းဆိုင်အချို့သို့ ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမျိုးအစားအချို့ ယာယီပြတ်လပ်မှုဖြစ်ပေါ်မည်ဟူသော ပြည်သူများ၏ စိုးရိမ်စိတ်ကြောင့် အရောင်းဆိုင်ကြီးများ၌ စက်သုံးဆီဝယ်ယူမှု ယခင်ကထက် အဆမတန် များပြားလာမှုကြောင့် ယာဉ်တန်းစီမှုများ ဖြစ်ပေါ်စေခဲ့ကြော င်း သိရသည်။

ယင်းကဲ့သို့ အရောင်းဆိုင်များ၌ စက်သုံးဆီဝယ်ယူမှု အဆမတန်များပြားလာပြီး တန်းစီမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဖြစ်စဉ်အမှန်နှင့် ပြည်သူများ လိုက်နာရမည့် အချက်အလက်များကို နေ့စဉ်ထုတ်သတင်းစာများတွင် သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးအနေဖြင့်လည်း ယာဉ်တန်းစီမှုဖြစ်ပေါ်နေသော အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အဓိကလမ်းမများနှင့် အချက်အချာကျသောနေရာများရှိ အရောင်းဆိုင်များအတွက် Special အစီအစဉ်၊ Urgent အစီအစဉ်များဖြင့် စက်သုံးဆီဖြည့်တင်းနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများကြီးကြပ်ရေးကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတို့၏ စီစဉ်ညွှန်ကြားမှုများဖြင့် မန္တလေးမြို့တွင်းရှိ အရောင်းဆိုင်များသို့ နေ့စဉ်စစ်ဆေးဆောင်ရွက်ရာတွင် အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုး အစားအလိုက် လက်ကျန်ရှိပြီး ရောင်းချပေးမှု ရှိ၊ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးမှုရှိ၊ မရှိ၊ သီလဝါမှ ထွက်ခွာလာသော ဆီသယ်ယာဉ်များ သက်ဆိုင်ရာအရောင်းဆိုင်များသို့ အချိန်မီရောက်ရှိမှု ရှိ၊ မရှိတို့ကို အဖွဲ့ များဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိသည်ကို သိရှိစေလိုကြောင်း၊ အရောင်းဆိုင်ကြီးများတွင်သာမက ကျန်လိုင်စင်ရစက်သုံးဆီဆိုင်များတွင်လည်း ဝယ်ယူသုံးစွဲနိုင်ကြောင်း၊ စက်သုံးဆီများ မလိုအပ်ဘဲ အိမ်တွင် သိုလှောင်ထားရှိပါက မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ခြင်းများကို သတိရှိကြစေလိုကြောင်းလည်း ထုတ်ပြန်အသိပေးထားသည်။

ထို့ပြင် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသော စက်သုံးဆီအရောင်းများနှင့် တရားမဝင် စက်သုံးဆီလုပ်ငန်းများကိုလည်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးလျ က်ရှိပြီး လိုက်နာဆောင်ရွက်မှုမရှိသော အရောင်းဆိုင်၊ လုပ်ငန်းများကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အ ရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here