ကရင်ပြည်နယ်အတွင်း ရေနစ်မြုပ်မှုကြောင့် မိုးစပါးဧက ၂၃၁ ဧက ပျက်စီးခဲ့

0
227

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတတ်မှုကြောင့် မိုးစပါးဧက (၂၃၁) ဧက ပျက်စီးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်စဉ်ကြောင့် ကျေးရွာ အုပ်စုပေါင်း (၁၇၀) တွင် စိုက်ပျိုးပြီး မိုးစပါး (၃၂၃၅၄) ဧက ရေနစ်မြုပ်ခဲ့ပြီး ဩဂုတ်လ (၇) ရက်ထိ (၁၄၁၁၉) ဧက ပြန်ပေါ်ခဲ့သည့်အနက် (၄၉၀၄) ဧက ထိခိုက်ပြီး (၂၃၁) ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဧကများအားပြန်လည်ကုစားပေးနိုင်ရေးနှင့် ပျက်စီးဧကများအား အမြန်ဆုံးပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများ၊ ဆေးဖြန်းပုံးများနှင့် မျိုးစပါး (၂၀၂၀) တင်းတို့ကို ဝယ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ စတုတ္ထပတ်ခန့်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်၏ ဆက်သွယ်ရေးလမ်းပိုင်းများ အနိမ့်ပိုင်းနေရာများနှင့် စိုက်ပျိုးပြီးမြေဧရိယာများ ရေဖုံးလွှမ်းမှုဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

ကော့ကျိုက်-ကော့ပရံ-ဇာသပြင်(အဖြောင့်) ကားလမ်းမကြီး လမ်းဘေးဝဲယာရှိ စိုက်ပျိုးပြီး မိုးစပါးနှင့်မိုးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအား မျိုးစပါး၊ သွင်းအားစုများထောက်ပံ့ပေးနိုင်ရေးနှင့် လိုအပ်သည့်လယ်ယာသုံးစက်ကိရိယာများ ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် မှာကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here