လားရှိုးမြို့တွင် နေ့စဉ် နေအိမ်ဖောက်ထွင်းခံရမှုများ ကြုံတွေ့နေ

0
104

တရားဉပဒေစိုးမိုးမှုမရှိသည့် လားရှိုးမြို့ ရပ်ကွက်တိုင်းတွင် နေ့စဉ် နေအိမ်ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟု ဒေသတွင်း စစ်ရှောင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းသို့ မြို့ခံပြည်သူအချို့ ပြန်လည်ဝင်ရောက်လာခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ လိုအပ်သည့် ပစ္စည်းများကိုယူကာ ပြန်လည်ထွက်ခွာမှုများရှိနေကြောင်းဆိုသည်။

“ တိုက်ပွဲတွေဖြစ်နေတုန်းက အပြင်မထွက်ရဲကြတာနဲ့ မြို့ခံတွေ စစ်ရှောင်သွားကြတော့ အနည်းစု ခိုးခံရတာမျိုးလောက်ဘဲရှိတာ။ အခုပြန်ဝင်လို့ရပြီလို့ ပြောသံတွေကြားရော နောက်ပိုင်း သူခိုးက ပိုသောင်းကျန်းလာတယ်။ နောက်တစ်ခုက ပြန်ဝင်လို့ ရတယ်လို့သာ ခေါ်နေတာ သူတို့ (MNDAA) က ဘယ်လောက်အထိ လုံခြုံရေးပေးနိုင်မလဲ။ အခု ကြားနေရတာက လူပြန်မလာကြတဲ့ အိမ်ကောင်းတွေမှာ လူဆိုးလူမိုက်အဖွဲ့တွေ ဝင်နေကြတယ်လို့လည်း ကြားတယ်။ ဒီလိုအခြေအနေတွေကို ဘယ်သူက တာဝန်ယူပြီးဖြေရှင်းမှာလဲ။ ပြောချင်တာက တရားဥပဒေစိုးမိုးမှု မရှိတဲ့ နယ်မြေမှာ ဒါတွေက ဆက်ဖြစ်နေဉီးမှာဘဲ၊ အသိမိတ်ဆွေ မြို့ခံ တစ်ဉီးရဲ့ ဆိုင်ဆို ဖောက်ခံရလို့ ကုန်ပြီ”ဟု ၎င်းက ပြောသည်။

လတ်တလော အခြေအနေအရ MNDAA က လားရှိုးမြို့အတွင်း ပြန်လည်နေထိုင်ခွင့်ပြုအပြီး နေအိမ်ဖောက်ထွင်းခံမှု ခပ်စိပ်စိပ်ဖြစ်နေကြောင်း ‌နှင့် ပြန်ထွက်မည့်သူများ သော့များသေချာခပ်ရန်နှင့် အိမ်စောင့်တစ်ဦး နေထိုင်ရန် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“လားရှိုးမှာ သူခိုးရန်ကာကွယ်ဖို့ တစ်အိမ်တစ်ယောက်ဖြစ်ဖြစ် အိမ်ပြန်လာစောင့်ကြည့်ဖို့ ကျွန်တော်တို့ အကြံပေးချင်ပါတယ်။ သူခိုးအရမ်းများနေလို့ ပါ။” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့အတွင်း လူနေအိမ်နှင့် ဈေးဆိုင်အချို့တွင် လက်နက်ကြီးကြောင့်ပျက်စီးသည့် လူနေအိမ်များရှိနေသလို ထိမှန်‌ေ-သဆုံး၍ အရိုးကျနေ‌ပြီဖြစ်သောအခြေအနေရှိသည့် အလေ-ာင်းများလည်း တွေ့ရှိနေရကြောင်း ဆိုသည်။

MNDAA က မြို့တွင်းနေအိမ်ဖောက်ထွင်းခံရမှုများနှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့နှင့် မဟာမိတ်အရာရှိများထံ တိုင်ကြားနိုင်သည်ဟု ယခုလ ဩဂုတ်(၈) ရက်တွင် ထုတ်ပြန်ထားသော်လည်း ယနေ့အချိန်အထိ နေအိမ်ဖောက်ထွင်းခံရမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

“ လားရှိုးကို ဘယ်သူမဆိုပေးဝင်ပါတယ်။ အဝင်ရောအထွက်ရော မှတ်ပုံတင်မစစ်ပါ၊ ဗမာလူမျိုး မဝင်ရတာတွေမရှိပါ။ မြို့ပေါ် MNDAA Police Force တွေ ရောက်နေပြီး လုံခြုံရေးကင်းလှည့်နေတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် မြို့ကတော့ မီးမရှိ ဖုန်းလိုင်းမရှိ နဲ့ခြောက်ကပ်နေတုန်းပါ။ အိမ်စောင့်မရှိတဲ့အိမ်တွေ ဖောက်ခံရတာမျိုးတွေရှိနေပါတယ်။” ဟု မြို့ပြန်ရောက်သူ တစ်ဦးက သူ၏ အတွေ့အကြုံကို မျှဝေထားသည်။

ထို့အပြင် မြို့တွင်း  စက်သုံးဆီ တစ်လီတာလျှင် ကျပ်(၇,၀၀၀)ဖြင့် လမ်းဘေးဆိုင်များတွင် ရောင်းချပေးခြင်းမျိုးများရှိနေပြီး၊ Starlink အင်တာနက်ကို အချိန်ပိုင်းဖြင့် သုံး၍ရသည့်နေရာ သုံးနေရာရှိနေကာ တန်းစီစောင့်ဆိုင်း၍ အသုံးပြုနေကြရကြောင်း ဆိုသည်။

“ကျနော်အမျိုးတွေ ပြန်သွားခေါ်တာ တယောက်မှ မလိုက်ကြလို့ ငွေသားနဲ့စားစရာပေးပြီး ပြန်လာရတယ်၊ ကြီးတော်တွေက လားရှိုးမှာပဲ ခေါင်းချချင်တယ်၊လမ်းမှာ အသက်ထွက်ပြီး ကြုံရာသင်္ချိုင်း မှာ ဘဝအဆုံးသတ်ရမှာ ကြောက်နေကြတာ၊ နောက်အဒေါ်တယောက်ရှိတဲ့ ဗျူဟာလမ်းဖက်ကလည်း လူအတော်များများလည်းမပြေးကြဘူး”ဟု လားရှိုးသို့ခေတ္တပြန်သူတစ်ဦးကဆိုသည်။

လားရှိုးဒေသခံများအနေဖြင့် နေရပ်သို့ ပြန်လိုကြသော်လည်း တပ်မတော်ဘက်မှ ထိုးစစ်ပြန်လည် လုပ်လာနိုင်သည်ဆိုသော သတင်းများလူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေမှုများကြောင့် နေရပ်မပြန်ရဲသည့် မြို့ခံများလည်း ရှိနေပြီး၊ မြို့တွင်းနေထိုင်သူများလည်း ကျီလန့်စာစားနေထိုင်နေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here