ရှမ်းပြည်နယ်မှ ကလေးမြို့သို့မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၂) ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
75

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အမျိုးသား (၂)ဦးမှ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် (၇) ရက် နံနက် (၉) နာရီအချိန် ကလေးမြို့နယ်၊ ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကလေးဝ – ကလေးသွားကားလမ်းတွင် မြင့်ဇော် မောင်းနှင်ပြီး မင်းခန့်ကျော်(ခ)ကိုကို လိုက်ပါလာသည့် FUSO (၆) ဘီးခရီးသည်တင် မော်တော်ယာဉ်ကို မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၁၉၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here