အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် Polytechnic University (၈) ခု ဖွင့်ပေးမည်

0
92

အရည်အသွေး ပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် Polytechnic University (၈) ခုကို ယခု ပညာသင်နှစ်အတွင်း ဖွင့်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သု တေသနနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(င) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယမန်နေ့ ဩဂုတ် (၁၂) ကတက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နစကအစိုးရသည် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိနေကာ နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းထားရှိပေးပြီးဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ပြောသည်။

အခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရထူးချွန်လူငယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်း ထောက်လူငယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ဖွံ့ဖြိုးရေဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here