မြန်မာကိုယ်စားပြု၍ ONE ကိုရောက်သည်အထိ ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ နီဂရိုး ကတိပြု

0
232

မြန်မာကိုယ်စားပြု၍ ONE ကိုရောက်သည်အထိ ကြိုးစားသွားမည်ဖြစ်ကြောင်း မွန်တိုင်းရင်းသား ရိုးရာဖိုက်တာ နီဂရိုး ကတိပြု ပြောကြားသည်။

“ပရိသတ်ရဲ့ အားပေးမှုတွေကြောင့်သာ အညတြပန်းရံသမားလေး ကျွန်တော် နီဂရိုးက အခြေအနေတစ်ခုအထိ လူသိလာတာပါ။ ONE ကို ရောက်တဲ့အထိလည်း ကျွန်တော် ဆက်ကြိုးစားသွားမှာပါ။ ကျွန်တော့်မွေးရပ်မြေ အမိမြန်မာနိုင်ငံအတွက် ၊ ရိုးရာလက်ဝှေ့ရဲ့ဂုဏ်အတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ ခင်ဗျာ “ဟု ပြောသည်။

နီဂရိုး က အင်တာဗျူးတစ်ခုတွင် ပရိတ်သတ်၏ နားလည်မှု လွဲနေသည့်အပေါ် ပြန်လည် တုန့်ပြန်ဖြေရှင်းထားပြီး၊ ၎င်းအနေဖြင့် အကြောင်းကြောင်းကြောင့် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်
မပြောတတ်ခဲ့သည့်အပေါ်လည်း တောင်းပန်စကားဆိုထားသည်။

၎င်းအနေဖြင့် မွန်တိုင်းရင်းသားဖြစ်နေခြင်း၊ မွေးရပ်ရွာတွင်မွန်တိုင်းရင်းသားအများစုနေထိုင်ခြင်း၊ ဆင်းရဲသည့်အတွက် အတန်းပညာကို တတ်မြောက်သည်အထိ မသင်ကြားနိုင်ခြင်း၊ မွေးရပ်မြေမှ ပြင်ပသို့မသွားလာဖူးခြင်းတို့ကြောင့် မြ န်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ခဲ့ကြောင်း ရှင်းပြထားသည်။

“ကိုယ့်မွန်လူမျိုးကို အသက်လောက်ချစ်သလို ကိုယ့်တိုင်းရ င်းသား ညီအစ်ကိုတွေကိုလည်း ထပ်တူချစ်မြတ်နိုးပါတယ်ဗျ။ ပညာကလည်းအားနည်း စကားကလည်း မကျွမ်းကျင်ဆိုတော့ ကိုယ်ပြောလိုက်တဲ့စကားက ကိုယ့်ကိုအားပေးနေသူ ပရိသတ်ကို ထိခိုက်သွားမလားလို့ အရမ်းစိတ်ပူမိတဲ့အတွက် ကျွန်တော်စကားတွေ အများကြီးမပြောခဲ့တာပါ။” ဟုတောင်းပန်စကားဆိုထားသည်။

ယခုလ ဩဂုတ်(၁၀)ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ မွေထိုင်းထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်‌သော RWS 24 ပွဲစဉ်အတွင်း မြန်မာပြည်ဖွား မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သား နီဂရိုး က မွေထိုင်းဖိုက်တာကို ပထမအချီ၌ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။

အသက် (၃၂)အရွယ် နီဂရိုး၏ ပွဲထွက် လာသည့် ဆောက်လုပ်ရေးလုပ်သားဝတ်စုံကြောင့်လည်း ထိုင်းမီဒီယာနှင့် ပရိသတ်တို့အကြား ရေပန်းစားလာခဲ့သူတစ်ဦးဖြစ်သည်။

၎င်းသည် ယခု လဆန်းပိုင်းက အပျော်တမ်းဘောက်စင်ပြိုင်ပွဲတစ်ခုတွင် ပြိုင်ဘက်ဖြစ်ကို အလဲထိုးပြီး ဆုရရှိခဲ့သည်မှစ၍ လူအများ သတိထားမိလာခဲ့ခြင်းလည်းဖြစ်သည်။

၎င်း၏ ပွဲဦးထွက် ပွဲစဉ်တွင်အလဲထိုးအနိုင်ယူပြခဲ့သည့် နီဂရိုးအား ONE ၏ စင်မြင့်တွင် မြင်ချင်လိုကြသည်ဟု ထိုင်း -မြန်မာ ပရိတ်သတ်အကြား တောင်းဆိုမှုများ ရှိနေသည်။

ထိုင်းနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်းတစ်ဘက်ဖြင့် ဝါသနာပါရာ လက်ဝှေ့ထိုးသူနှစ်ဦးအနက် ထွန်းမင်းနိုင်မှာ ပလာတာရောင်းသူအဖြစ် ပွဲထွက်လာခဲ့သလို၊ နီဂရိုးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း ကြိုးဝိုင်းပေါ်သို့ ဆောက်လုပ်ရေးဝတ်စုံဖြင့် အရောက်လှမ်းနိုင်ခဲ့ကြသူများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here