ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးကို သုံးစွဲဝန်အားထက် လျော့ချခြင်း၊ စက်မှုဇုန်များ၌ ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးတော့မည်

0
295

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီး သုံးစွဲဝန်အားထက် လျော့ချခြင်း စက်မှုဇုန်များ၌ ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ယနေ့ သြဂုတ် (၁၃)ရက်က ထုတ်ပြန်သည်။

နိုင်ငံတော် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာ၀ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)သည် သြဂုတ် (၁၂) ရက်၊ နံနက် (၁၁)နာရီ မိနစ် (၂၀) အချိန်ခန့်ကလည်းကောင်း၊ Sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ)မှာ သြဂုတ်(၁၂)ရက်၊ နံနက် (၁၁) နာ ရီ (၄၀)မိနစ်အချိန်ခန့်က လည်းကောင်း စက်များအရေးပေါ်ရပ်တန့်ခဲ့ရကြောင်း YESC မှ သတင်းထုတ်ပြန်သည်။

ထို့ကြောင့် အဆိုပါ ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု (၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျှက်ရှိရာ ၎င်းဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များအား ညပိုင်းတွင် လျှော့ချ၍ ဓာတ်အား ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း YESC မှ မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန် ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here