ဟာစီနာ ပြုတ်ကျမှုတွင် မပတ်သက်ဟု အမေရိက ပြောဆို

0
401

မကြာခင်က ရာထူးမှနုတ်ထွက်ပြီး တိုင်းပြည် မှ ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြုတ်ကျခဲ့မှုတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုပြီး အမေရိက ကဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုသော စွပ်စွဲချက်များသည် မှားယွင်းစွပ်စွဲချက်သာဖြစ်သည်ဟု ဆိုခဲ့သည်။

ယင်းကိစ္စတွင် အမေရိက ပါဝင်ပတ်သက်နေသည်ဆိုသော သတင်းထွက်လာမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်မေးမြန်းခဲ့မှုကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ေဖြကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်ရှိ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကို ထိန်းချုပ်လိုသောကြောင့် သူ့ကို ရာထူးမှပြုတ်ကျစေရာတွင် အမေရိက၏ အခန်းကဏ္ဍပါဝင်ခဲ့သည်ဟု ဟာစီနာက စွပ်စွဲခဲ့ကြောင်း အိန္ဒိယရှိ အီကောနောမစ်တိုင်းမ် သတင်းစာက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။ ဟာစီနာသည် သူ၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များမှတဆင့် ထိုသတင်းကို ပေးပို့ခဲ့ခြင်းဟု သတင်းစာက ဆိုသည်။

ဟာစီနာ၏ သားဖြစ်သူ ဆာဂျက်ဝါဇက်ကမူ သူသည် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ဟု တနင်္ဂနွေနေ့က X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် ပြောဆိုသွားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အနာဂတ်ကို ဘင်္ဂလားဒေ့ရှ် ပြည်သူများကသာ ဆုံးဖြတ်သင့်သည်ဟု မိမိတို့ ယုံကြည်ကြောင်းနှင့် ယင်း ယုံကြည်ချက်အတိုင်း မိမိတို့ ရပ်တည်ကြောင်း အိမ်ဖြူတော်က ဆက်လက် ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် နို့ဘဲလ်ဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရသည် ရွေးကောက်ပွဲကျင်းပပေးရေး ရည်ရွယ်ချက်ဖြင့် ကြာသပတေးနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here