အက်တမ် (ATOM) မှ ရေဘေးသင့်ဒေသများသို့ မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့

0
100

အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ စည်သွပ်ပဲ၊ ခေါက်ဆွဲခြောက်၊ ရေနှင့် ဓာတ်ဆားရည်အစရှိသော အရေးပေါ်အစားအသောက်များအပြင် ဖယောင်းတိုင်ကဲ့သို့သော အရေးပေါ် အသုံးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ခန့်မှန်းခြေ ရေဘေးသင့်ပြည်သူပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်ကို အက်တမ် (ATOM) ၏ စေတနာ့ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အရှေ့ဒဂုံမြို့နယ် ၊ (၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး နှင့် (၁၂) ရက်နေ့တွင် ဘားအံမြို့သို့ ထိုအရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုအပြင် လိုအပ်သောအကူအညီများပေးနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ ဘားအံမြို့အတွက် မြန်မာငွေကျပ်သိန်း (၅၀၀)၊ စုစုပေါင်း မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းမှုကို ဒေသအလိုက်အသီးသီးခွဲဝေခဲ့သည်။

“ရေဘေးဒဏ်ကို ခံစားကြုံတွေ့ခဲ့ရတဲ့ ဒေသများအားလုံးအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ လူမှုအသိုင်းအဝိုင်းများရဲ့ စည်းလုံးခြင်းအင်အားကို ကျွန်တော်တို့ အက်တမ် (ATOM) က အပြည့်အဝယုံကြည်ပြီး အကူအညီလိုအပ်နေသူတွေဆီကို ATOM ရဲ့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိသွားမယ်လို မျှော်လင့်ပါတယ်။ အခုလိုမျိုး အရေးပေါ်အခြေအနေတွေမှာ အက်တမ် (ATOM) က လူမှုအသိုင်းအဝိုင်းတွေကို ကူညီဖေးမသွားဖိုအတွက် အမြဲအဆင်သင့်ရှိနေမှာပါ” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah ကပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၄၀,၀၀၀) ကျော်ထံ အစားအသောက်များအပါအဝင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့‌သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here