မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၇၇)တွဲ ရောင်းရ

0
333

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ထို့နောက် တင်ဒါအမှတ် (၁) ဖြစ်သည့် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၁၁၅) တွဲအထိနှင့် တင်ဒါအမှတ် (၂) ဖြစ်သည့် ပုလဲအတွဲအမှတ် (၁၁၆) တွဲမှ ပုလဲအတွဲ အမှတ် (၂၃၀) အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။

ယင်းနောက် တင်ဒါအမှတ် (၁) နှင့် တင်ဒါအမှတ် (၂) တို့မှ ပုလဲအတွဲပေါင်း (၂၃၀) တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၇၇)တွဲ ရောင်းချရကြောင်း ကြေညာခဲ့သည်။

ပုလဲရောင်းချပွဲ တတိယနေ့တွင် တင်ဒါအမှတ် (၃) ဖြစ်သည့် ပုလဲအတွဲအမှတ် (၂၃၁) မှ အတွဲအမှတ် (၃၄၅) အထိ ပုလဲအတွဲပေါင်း (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၄) ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ အတွဲအမှတ် (၄၆၀) အထိ ပုလဲအတွဲပေါင်း (၁၁၅) တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဩဂုတ် (၁၂) ရက်မှ (၁၅)ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၇၀၀)၊ ပုလဲအလုံးပေါင်း (၁၇၅၀၀၀) ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here