Nord Stream ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ ယူကရိန်း ရေငုပ်သမားကိုဝရမ်း ထုတ်

0
393

Nord Stream ဓါတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲခဲ့သည့် အဖွဲ့တွင် ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် ယူကရိန်း ရေငုပ်နည်းပြတစ်ဦးကို ဂျာမနီက ဥရောပဒေသဆိုင်ရာ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဂျာမန်မီဒီယာ သုံးခုက ဗုဒ္ဓဟူးနေ့(သြဂုတ် ၁၄) တွင် သတင်းဖော်ပြသည်။

ပိုလန်နိုင်ငံတွင် နောက်ဆုံးနေထိုင်ခဲ့သည်ဟု သိထားသော အဆိုပါ အမျိုးသားသည် ရုရှားနိုင်ငံမှ ဂျာမနီသို့ ဘောလ်တစ်ပင်လယ်ကြမ်းပြင်မှတဆင့် သွယ်တန်းထားသည့် ပိုက်လိုင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက မိုင်းထောင်ခဲ့သည့် ရေငုပ်သမားများထဲမှ တစ်ဦးဖြစ်သည်ဟု ဂျာမန် စုံစမ်းစစ်ဆေးသူများက ယုံကြည်ယူဆကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကား၍ ARD ရုပ်သံသတင်းဋ္ဌာနနှင့် SZ ၊ Die Zeit သတင်းစာများက ဖော်ပြခဲ့သည်။

၄င်း သတင်းနှင့် ပတ်သက်၍ ဂျာမန်ရှေ့နေချုပ်ရုံးကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ထို အမျိုးသားကို ဖမ်းဆီးရန် ဇွန်လအတွင်းက ပိုလန်အစိုးရကိုဂျာမနီက တောင်းဆိုခဲ့သည်ဟု သတင်းက ဖော်ပြသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ပိုလန်နိုင်ငံ ရှေ့နေချုပ်ရုံးကလည်း လတ်တလောတွင် မှတ်ချက်ပေမ ပေးသေးကြောင်း သိရသည်။

Spiegel သတင်းမဂ္ဂဇင်းက လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြရာတွင်မူ သံသယရှိသူသည် ပိုလန်နိုင်ငံမှ ထွက်ခွာသွားပြီဟု ယူဆရကြောင်း ဆိုခဲ့သည်။

ယူကရိန်း ရေငုပ်နည်းပြများပင်ဖြစ်သည့် နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည်လည်း အဆိုပါ အဖျက်အမှောင့်လုပ်ရပ်တွင် သံသယရှိသူများအဖြစ် ဂျာမန် စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ထားပြီး ၎င်းတို့ကိုမူ ဖမ်းဝရမ်းထုတ်ထားခြင်း မရှိသေးကြောင်း SZ၊ Zeit နှင့် ARD တို့က ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားဓါတ်ငွေ့ကို မှီခိုအားထားနေသည့် ဂျာမနီအတွက် အငြင်းပွားဖွယ် တစ်ခုဖြစ်လာသော အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်း လေးခုအနက် သုံးခုအထိ ပျက်စီးခဲ့ရသည့် ဖောက်ခွဲမှု၏ နောက်ကွယ်မှ တရားခံသည် မည်သူဖြစ်ကြောင်းမှာမူ ပဟေဠိဖြစ်နေဆဲဖြစ်သည်။

Ref: TBS


LEAVE A REPLY

Please enter your comment!
Please enter your name here