တောင်ငူမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်မည်

0
217

တောင်ငူမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော မြို့ရိုး ၏ အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ရှာဖွေလေ့လာဖော်ထုတ်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးဌာနခွဲတာဝန်ခံတို့နှင့်အတူ ယမန်နေ့ တောင်ငူမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သ ည်။

ခရစ်နှစ် ၁၅၁၀ တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်း စင်တံခါးအနီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ် ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့် မြို့ရိုးနေရာကို ဒုတိယဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြို့ရိုး၏ အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီကို ဖော်ထုတ်ထိန်းသိမ်းရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော မြို့လေးခံတပ်နှင့် ကေတုမတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီး အနောက်တောင်ထောင့်ရှိ မြသိန်းတန်စေတီနှင့် အနောက်မြောက်ထောင့်ရှိ မဉ္ဇူသာရစေတီများကို ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၉ ခုနှစ်က ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားသော ကေတုမတီမြို့ဟောင်း ရေကျုံးကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသာယာလှပရေးနှင့် မြို့ရိုးကို ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရန် ဆက်လက်မှာကြားခဲ့သည်။

ဆက်လက်၍ ခရစ်နှစ် ၁၆၀၀ တွင် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် နတ်သျှင်နောင်တို့၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် ယိုးဒယားဘုရင် ဖရာ့နရေဆွန် (ဗြနရာဇ်)၏ တပ်များ ကျုံးအတွင်းမှ ရေများ ဖောက်ထုတ်သည့် တူးမြောင်းနေရာ(ယိုးဒယားပေါက်)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုပြင်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here