မျောက်ကျောက် ရောဂါကို အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

0
312

အာဖရိကတွင် ဖြစ်ပွားနေသည့် မျောက်ကျောက် ဗိုင်းရပ်စ် ကူးစက်ရောဂါ၏ မျိုးကွဲသစ်ကို တွေ့ရှိခဲ့၍
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အမြင့်ဆုံးအဆင့် သတိပေးချက်အဖြစ် နိုင်ငံတကာဆိုင်ရာ စိုးရိမ်ဖွယ် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု ကြေညာလိုက်သည်။

မျောက်ကျောက်(Mpox) ရောဂါဖြစ်ပွားမှုကို အာဖရိက ၁၃ နိုင်ငံတွင် တွေ့ရှိထားပြီး ရောဂါ၏ ပုံစံသစ်သည် ပျံ့နှံ့လျက်ရှိသည်ဟု WHO က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။ WHO သည် ယင်းရောဂါနှင့် ပတ်သက်၍ ၂ နှစ်အတွင်း ဒုတိယအကြိမ်မြောက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ တွင် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် အိမ်နီးချင်းနိုင်ငံများသို့ပါ ပျံ့နှံ့ရောက်ရှိခဲ့ပြီးနောက် WHO ၏ ထုတ်ပြန်ချက်ထွက်လာဖြင်းဖြစ်သည်။

“ဒီနေ့ အရေးပေါ် ကော်မတီနဲ့ တွေ့ခဲ့ရာမှာ အခြေအနေဟာ နိုင်ငံတကာဆိုင်ရာ စိုးရိမ်ဖွယ် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့ အမြင်နဲ့ ပတ်သက်လို့ ကျွန်တော်ကို အကြံပြုချက်ပေးပါတယ်။ ဒီအကြံပြုချက်ကို ကျွန်တော် လက်ခံလိုက်ပါတယ်” ဟု WHO ညွှန်ကြားရေးမှူး ချုပ် တက်ဒရို့စ် အဒ္ဒဟာနွန် ဂီဘရီယီဆပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

“ဒါက ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်ရမယ့် အရေးကိစ္စပါ” ဟု သူက ဆိုခဲ့သည်။

Mpox ရောဂါသည် လူအချင်းချင်း အနီးကပ်ထိတွေ့ဆက်ဆံမှုကတဆင့် ကူးစက်နိုင်ကြောင်း သိရသည်။ များသောအားဖြင့် ရောဂါအခြေအနေ ပြင်းထန်လေ့မရှိသော်လည်း အချို့အခြေအနေများတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ၎င်းသည် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများပြပြီး ခန္ဓာကိုယ်တွင် အဖုအပိန့်များ ထွက်ပေါ်စေကြောင်း သိရသည်။ ၎င်းရောဂါကို အစောပိုင်းက မျောက်ကျောက်ရောဂါဟု လူသိများခဲ့သည်။

ကွန်ဂို တွင် clade I ဟုခေါ်သည့် ဗိုင်းရပ်စ်မျိုးကွဲဖြင့် စတင်ဖြစ်ပေါ်ခဲ့သော်လည်း မျိုးကွဲသစ် clade Ib သည် ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နေဖွယ်ရှိသည်ဟု သိရသည်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here