ဒေါ်လာဈေးနှုန်းများဆက်တိုက်ကျဆင်းလာ၊ တစ်ဒေါ်လာ ၆၀၀၀အောက်ကျဆင်း

0
489

ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း အသိပေးပြီးနောက်နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းများဆက်တိုက်ကျဆင်းလာပြီးယနေ့(ဩဂုတ် ၁၅)ရက် အပိတ်ဈေးအရ တစ်ဒေါ်လာ ၅၉၀၀ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ် (၁၃) ရက်နေ့တွင် တစ်ဒေါ်လာ ၇၁၅၀ အထိစံချိန်တင်မြင့်တက်ခဲ့ရာမှ ယနေ့မနက်ပိုင်းတွင် တစ်ဒေါ်လာ ၆၂၀၀ ဖြစ်ပြီး သုံးရက်အတွင်း တစ်ဒေါ်လာ ၉၅၀ အထိကျဆင်းခဲ့သည်။ညနေအပိတ်ဈေးမှာမူ ၅၉၀၀ ထိကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဒေါ်လာဈေးနှုန်းသည် ဆက်တိုက်မြင့်တက်ခဲ့ရာမှ အမြင့်ဆုံး တစ်ဒေါ်လာ ၇၁၅၀ အထိစံချိန်တင်မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် မြင့်တက်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ရန်အတွက် ဒေါ်လာအပါအဝင် ယွမ်နှင့်ဘတ် တို့ကိုဆက်တိုက်ထုတ်ရောင်းပေးခဲ့ပြီး ယခုအပတ်တွင် ဒုတိယအကြိမ်အဖြစ်ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့ကို ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ရောင်းချပေးရာတွင်စက်သုံးဆီ၊ စားသုံးဆီနှင့် တခြား အရေးကြီးကုန်စည်များ ဝယ်ယူတင်သွင်းရန်အတွက်ဖြစ်ပြီး FX Trading Platform ကတဆင့် ရောင်းချပေးမည်ဖြစ်သည်။

ယမန်နေ့ကဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယနေ့ညနေ ပြင်ပဈေးကွက်ထဲတွင်ပိတ်ဈေးအရ အမေရိကန်တဒေါ်လာ ကျပ် ၅၉၀၀၊ ထိုင်းတဘတ် ၁၆၉ ကျပ်၊ တရုတ်ယွမ်‌ငွေက ၈၂၈ ကျပ်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here