OWIC ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေး

0
460

ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြည်ပတွင်သွားရောက်လုပ်ကိုင်သူများအနေဖြင့် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်ကို လျှောက်ထားရန်လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးထားသည့် PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် အလည်အတွက်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာအတွက် လျှောက်ထားရယူကာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

၎င်းတို့သည် ပြည်ပတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်ခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့ အလုပ်သွားလုပ်မည်ဆိုပါက PJအမျိုးအစား နိုင်ငံကူးလက်မှတ်ကိုလျှောက်ထားရန် အသိပေးထားသည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ OWIC ရယူပြီးမှသာ တရားဝင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here