စက်သုံးဆီဈေး ကျပ် ၁၅၀ ကျော် မြင့်တက်လာ

0
313

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့၏ ယနေ့ ဩဂုတ်လ ၁၆ရက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေး၌ စက်သုံးဆီစျေးများ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် ယနေ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးသည် အောက်တိန်း 92 တစ်လီတာလျှင် ၂၉၀၀ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၀၄၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၁၁၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ထိုဈေးနှုန်းများသည် ယခင်နေ့များက ဈေးနှုန်းများနှင့်ယှဉ်လျှင် အောက်တိန်း 92 နှင့် 95 တစ်လီတာဈေးသည် ၁၅၀ ကျပ်ကျော်မြင့်တက်လာကာ ရိုးရိုးဒီဇယ်ဈေးနှင့် ပရီမီယံဒီဇယ်ဈေးသည်လည်း ယခင်နေ့များထက် မြင့်တက်လာသည်။

အလားတူ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ် စတဲ့ မြို့ကြီးများ၏ အောက်တိန်း 92 နီင့် 95 တစ်လီတာဈေးများသည်လည်း အနည်းငယ်ကျဆင်းလာသလို ပရီမီယံဒီဇယ်ဈေးသည် အနည်းငယ် မြင့်တက်လာသည်ကို ထုတ်ပြန်ချက်အရ တွေ့ရသည်။

လက်ရှိအချိန်ထိ ပြည်တွင်းရှိ စက်သုံးဆီဆိုင် တချို့၌ စက်သုံးဆီ ဝယ်ယူရန် ကားများညအိပ် တန်းစီစောင့်ဆိုင်းရကာ စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကမူ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှ ဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ် မရောက်မီကာလအတွင်း စက်သုံးဆီအမျိုးအစားအချို့အချိန်ပိုင်းပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များကို အရေးပေါ်ထပ်မံတိုးမြှင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စုပြုံတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များအပြင် တန်းစီဝယ်ယူမှု နည်းပါးသည့် အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here