ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မှ ချေးငွေ အမြန်ဆုံးခွဲဝေချထားပေးရေးပြည်နယ်ဝန်ကြီးချုပ်ဆွေးနွေး

0
220

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းယူနစ်များအလိုက် ချေးငွေများ အမြန်ဆုံးခွဲဝေချထားပေးနိုင်ရေး လုပ်ဆောင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သြဂုတ် (၁၅)ရက်က ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပထမနှစ်စက်ဝန်းကို အောင်မြင်စွာမြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ဒုတိယနှစ်စက်ဝန်းတွင် နယ်မြေအခြေအနေအရ အချိန်ယူဆောင်ရွက်နေရသည့်အတွက် ရန်ပုံငွေများကို လုပ်ငန်းစီမံကိန်းအလိုက် ပြည်သူများလက်ဝယ် အမြန်ဆုံး ခွဲဝေချထားပေးနိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်နယ်ဝန် ကြီးချုပ်က ဆိုသည်။

ထိုသို့ ရန်ပုံငွေများကို ခွဲဝေချထားပေးရာတွင် လက်စွဲစာအုပ်ပါအတိုင်း စနစ်တကျဆောင်ရွက်ရေး၊ ငွေကြေးခွဲဝေချထားမှု၊ သုံးစွဲမှုနှင့် ငွေစာရင်းရှင်းတမ်းများ စနစ်တကျစီမံခန့်ခွဲနိုင်မှသာ၊ လုပ်ငန်းစီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အကျိုးဖြစ်ထွန်းမှာသာ လုပ်ငန်းအောင်မြင်မည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းမှာကြားခဲ့သည်။

ဒုတိယနှစ်စက်ဝန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ငွေကြေးစီမံခန့်ခွဲမှုများ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ လုပ်ငန်းယူနစ်များအလိုက် ချေးငွေများ အမြန်ဆုံးခွဲဝေချထား လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here