တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ တားဆီးနိုင်ရေးကို မဲခေါင်-လန်ချန်း အစည်းအဝေးတွင် ဆွေးနွေး

0
229

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ တားဆီးနိုင်ရေးကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှုကိစ္စရပ်များကို ဆွေးနွေးသည်။

(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဩဂုတ်လ ၁၆ ယနေ့၌ ကျင်းပခဲ့ခြင်းဖြစ်ကာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အဖွဲ့ဝင် (၆) နိုင်ငံ မှ နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ကြခြင်း ဖြစ်သည်။

အစည်းအဝေး အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်းဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ ဆက်သွယ်ရေးလိ-မ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်း လေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု စသည့်နယ်ပယ်များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။

ထိုနည်းတူ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ အကြား စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ် နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မဲခေါင်-လန်ချန်း ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here