ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌
ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့်သူများကို ကျွမ်းကျင်မှုစံများ သင်ကြားပေးမည်

0
582

၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အလုပ်အကိုင်နယ်ပယ် (၆) ခုတွင် အာဆီယံနိုင်ငံများ၏ ကျွမ်းကျင်မှုစံများကို လေ့လာပြီး သင်ကြားပေးရန် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မှာကြားသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် (၁၅)ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စု ပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အလုပ်အကိုင်နယ်ပယ် (၆) ခုဖြစ်သော Information and Communication,
Manufacturing and Engineering, Construction and Building Technology ကဏ္ဍ (၃) ခုနှင့် Social and Personal Services, Creative Arts and Fashion, Transportation and Logistics ကဏ္ဍ (၃) ခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် လုပ်ငန်းကဏ္ဍများရွေးချယ်၍ အာဆီယံနိုင်ငံများ၏ ကျွမ်းကျင်မှုစံများကို လေ့လာပြီး လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လုပ်ငန်းစဉ်အတွက် အလုပ်အကိုင် အမျိုးအစား (၇၀) တွင် ကျွမ်းကျင်မှုစံ (၉၂) ခုကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၅၂) မျိုးတွင် ကျွမ်းကျင်လုပ်သား (၂၆,၉၆၉)ဦး၊ စစ်ဆေးအကဲဖြတ်ရေးဌာန(၂၇၅)ခု၊ စစ်ဆေးရေးမှူး(၁၀၂)ဦး၊ စစ်ဆေးအကဲဖြတ်သူ(၈၆၆)ဦးကို အသိအမှတ်ပြုပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ပြောသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ (၅,၀၀၀) ဦးကို စစ်ဆေးအကဲဖြတ်မှု လျာထားချက်ပြည့်မီရေး လျှောက်ထားလာသော ဖြေဆိုသူများအနက် အရည်အချင်းပြည့် မီနိုင်သူများကိုသာ စိစစ်ရွေးချယ်ရေး၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူထားသည့် စစ်ဆေးအကဲဖြတ်ရေးဌာနများမှ သက်တမ်းကာလ (၂) နှစ်အတွင်း တစ်ကြိမ်မျှ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ခြင်းမရှိပါက သတ်မှတ်ဒဏ်ကြေး ပေးသွင်းရန် ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ အစည်းဝေးသို့ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here