စက်သုံးဆီ ဝယ်ယူရန် အခက်အခဲကြောင့် ကျောင်းကြိုပို့ကားများ ပြေးဆွဲမှုရပ်နားလာ

0
213

လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီ ဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရခြင်း အခက်အခဲကြောင့် ကျောင်းကြိုပို့ကားများ ပြေးဆွဲမှု ရပ်နားလာရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယခုလက်ရှိချိန်ထိ စက်သုံးဆီ ဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။

“ယာယီအနေနဲ့ ကျောင်းကားခဏနားတာပါ၊ ဆီတွေပြန်ဝယ်လ်ို့ရတာနဲ့ ပြန်ဆွဲမှာပါ” ဟု တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကားပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

ထိုသို့ကျောင်းကားပြေးဆွဲမှု နားလိုက်ခြင်းကြောင့် ကျောင်းသားမိဘများ ကိုယ်တိုင် ကလေးများကို လိုက်ပို့နေကြကာ မအားမလပ်သည့် မိဘများကမူ ကလေးကို ကျောင်းမလွှတ်တော့ကြောင်း အထက်ပါ ယာဉ်မောင်းကပင် ဆက်ပြောသည်။

ရန်ကုန်မြို့တွင် ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာ ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကြိုပို့ဝန်ဆောင်ရန် ကျောင်းကားများ သုံးစွဲခြင်းများရှိပြီး ကျောင်းကားကိုသာ အားထားစီးနင်းကြသည်။

ထိုနည်းတူ စက်သုံးဆီဝယ်ယူရခက်ခဲသောကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားကာ အွန်လိုင်းမှသာ သင်ကြားရေးလုပ်ရန် ဆောင်ရွက်ဆွေးနွေးခြင်းမျိုးလည်း ရှိနေကြောင်း ပုဂ္ဂလိကကိုယ် ပိုင်ကျောင်းအချို့ထံမှ စုံစမ်းသိရသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိကကျောင်းပေါင်း ၁၂၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းမှာ ၂၇၉ ကျောင်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၍ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် အချက်အလက်များအရလည်း သိရသည်။

ယင်းကဲ့သို့ စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေချိန်၌ပင် အစိုးရ ၏ စက်သုံးဆီ ရည်ညွှန်းဈေးမှာ ကျပ် ၃၀၀၀ အထက်ထိ မြင့်တက်မှုများ ရှိလာကာ ပြင်ပဈေးကွက် စက်သုံးဆီ ရေသန့်ဘူးတစ်ဘူးလျင် သောင်းနှင့်ချီပေးဝယ်နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here