ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို တာဝန်ယူမှု တာဝန်ခံမှုနှင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ပြောကြား

0
243

အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေရသည့် ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်ပြီး တာဝန်ယူမှု တာဝန်ခံမှုနှင့် အဂတိတရားကင်းရှင်းစွာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားလိုက်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် (၁၆) ရက်က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းများသည် အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ဖြောင့်မတ်တည်ကြည် မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ၊ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ဆွေးနွေးပွဲမှရရှိသည့် အသိအမြင်ဗဟုသုတများဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ကာ အဂတိတရားကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန်လည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးပြီး ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်နှင့် Online မှတဆင့် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ဒုဝန်ကြီးတို့သည် စီးပွားရေးတက္ကသိုလ်ကဖွင့်လှစ်သည့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာတန်းများတွင် လွန်ခဲ့သော ဆယ်စုနှစ်က ပို့ချခဲ့သူများလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here