ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတိုးတက်ဝင်ရောက်

0
220

ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း (၁၂၄၉၀) ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) မှ သိရသည်။

စက်မှုဇုန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် တည်ဆောက်ဆဲ စက်ရုံ/ အလုပ်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

လုပ်ငန်းရှင်များ၏ စက်ရုံ/အလုပ်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး လုပ်သားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေရေးကိုလည်း အထူးအလေးထားဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သလို လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်သည့် CMP လုပ်ငန်းများကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here