ထိုင်းများ ဆားလျှော့စားရန် ပညာရှင်များ တိုက်တွန်း

0
262

ထိုင်းနိုင်ငံတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါဝေဒနာများ၏ အန္တရာယ် လျော့ကျရန်အလို့ငှာ ဆားကို လျှော့၍ စားသုံးကြရန် ပညာရှင်များက အများပြည်သူကို တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံသားများသည် ပျှမ်းမျှခြင်းအားဖြင့်တစ်နေ့တာစားသုံးသင့်သော ဆားပမာဏ ထက် နှစ်ဆနီးပါး ကျော်လွန်ကာစားသုံးနေကြောင်း အစီခံစာထွက်လာပြီးနောက် ယခုကဲ့သို့ တိုက်တွန်းလာခြင်းဖြစ်သည်။

ဆိုဒီယမ်ကိုလွန်ကဲစွာစားသုံးခြင်း၏ ဘေးဥပဒ်များဆိုင်ရာ အများပြည်သူ အသိပညာပေးရေး ကြိုးပမ်းချက်တစ်ခုဖြစ်သည့် ကျန်းမာရေး အသိပေးလှုံ့ဆော်မှုအဖွဲ့များ ကွန်ရက် Less Salt က ထိုင်းလူမျိုးများ စားသုံးလေ့ရှိသော အစားအစာများ၏ ပျှမ်းမျှ ဆိုဒီယမ်ပါဝင်မှုကို မှတ်တမ်းတင်ကာ ဆိုဒီယမ်စားသုံးမှု အတွက်ရှင်းလင်းပြတ်သားသော လမ်းညွှန်ချက်များချမှတ်နိုင် ရန်အတွက် တွန်းအားပေးနေခဲ့သည်။

Less Salt ၏ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ဋ္ဌာနခွဲ အကြီးအကဲဖြစ်သူ Krisada Hanbunjerd က စစ်တမ်းကို Phayao မြို့၌ ၂၀၂၀ ပြည့်နှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ထိုင်းကျန်းမာရေး မြှင့်တင်ရေး ဖောင်ဒေးရှင်း၊ မဟီဒေါတက္ကသိုလ်နှင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) တို့၏ ပံ့ပိုးမှုဖြင့် ကွန်ရက်သည် လာမည့်နှစ်တွင် အခြားပြည်နယ်များ၌ပါ လေ့လာစစ်တမ်းပြုမှုများ တိုးချဲ့သွားလိုနေသည်။ ယင်းသို့လုပ်ခြင်းဖြင့် ပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် စားသုံးမှုပုံစံတစ်ခု ရရှိနိုင်မှာဖြစ်ကြောင်း ဒေါက်တာ Krisada က ဆိုသည်။

ထိုင်းလူမျိုးများသည် ပျှမ်းမျှ တစ်နေ့လျှင် ဆိုဒီယမ် ၃၆၃၆ မီလီဂရမ်စားသုံးမှုရှိနေပြီး ထိုပမာဏမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုချက်ပေးထားသည့် ၂၀၀၀ မီလီဂရမ်ထက် များစွာကျော်လွန်နေကြောင်း Less Salt ၏ ဥက္ကဋ္ဌ Surasak Kantachuvesiri က ပြောဆိုသည်။

ဆိုဒီယမ်စားသုံးမှု မြင့်မားခြင်းသည် သွေးတိုး၊ ကျောက်ကပ် ဝေဒနာများ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေမြင့်မားကြောင်း ၎င်းက ဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here