ယူကရိန်း၏ Zaporizhzhia နျူကလီးယားစက်ရုံ ဘေးကင်းမှု ယိုယွင်းလာဟု အိုင်အေအီးအေ သတိပေး

0
352

စက်ရုံအနီး ဒရုန်းတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံရှိ နျူကလီးယားဓါတ်အားပေးစက်ရုံ၏ ဘေးကင်းမှုအခြေအနေမှာ ပိုမိုဆိုးဝါးလာသည်ဟုအပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) က စနေနေ့တွင် သတိပေးလိုက်သည်။

ယူကရိန်းတောင်ပိုင်းရှိ သိမ်းပိုက်ထားသည့် စက်ရုံအနီးလမ်းပေါ်သို့ ယူကရိန်းက ဒရုန်းဖြင့် ဖောက်ခွဲရေးလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စနေနေ့အစောပိုင်းတွင် ရုရှားက စွပ်စွဲခဲ့သည်။

စစ်ပွဲအစောပိုင်းအချိန်များကတည်းက ရုရှားတပ်များလက်တွင်း ကျရောက်ခဲ့သော စက်ရုံသည် ထပ်ခါထပ်ခါ တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်မှုများအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်ပုံချခဲ့ကြသည်။

စနေနေ့တွင် စက်ရုံ၏ မရှိမဖြစ်သော အဆောက်အအုံများအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း စက်ရုံနယ်မြေရှိ နိုင်ငံတကာ အိုင် အေအီးအေကျွမ်းကျင်သူများက သတင်းပို့ခဲ့ပြီး အဆိုပါဧရိယာသို့ ချက်ချင်းသွားရောက်စစ်ဆေးမှုလုပ်ခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ပြောဆိုသည်။

စက်ရုံ၏ ပင်မဂိတ်ပေါက်နှစ်ခုကြားမှ လမ်းမကို ထိခိုက်ပျက်စီးစေခဲ့သည့် ဖောက်ခွဲရေးလက်နက်တပ်ဆင်ထားသော ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည်ဟု ယူဆကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။

“Zaporizhzhia နျူ-ဓါတ်အားပေးစက်ရုံ ရင်ဆိုင်နေရတဲ့ ဘေးကင်းမှုဆိုင်ရာ အန္တရာယ်ဟာ ပိုကြီးလာတာကို ထပ်တွေ့လာရပါတယ်” ဟု အိုင်အေအီးအေ အကြီးအကဲ ရာဖေးလ် ဂရော့စီက ထုတ်ပြန်ချက်တွင် ပြောဆိုသွားသည်။

မိမိအနေဖြင့် အထူးစိုးရိမ်မှုရှိနေပြီး သက်ဆိုင်ရာဘက်ပေါင်းစုံက အစွမ်းကုန်ချုပ်တည်းကြရန် ထပ်လောင်းတောင်းဆိုကြောင်း သူက ပြောသည်။ “စက်ရုံရဲ့ နျူကလီးယား ဘေးကင်းမှု အခြေအနေက ပိုဆိုးလာနေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ပြောဆိုခဲ့သည်။

စက်ရုံနှင့် အလွန်နီးကပ်သည့် ဧရိယာများအပါအဝင် ပြီးခဲ့သည့် သီတင်းပတ်တွင် ဒေသတွင်း စစ်ရေးအခြေအနေသည် ပြင်းထန်နေကြောင်း စက်ရုံနယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် အေဂျင်စီက အစီရင်ခံခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

Ref: သည်ဂါဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here