ပုဂ္ဂလိကကျောင်းအချို့၏ သင်တန်းကြေးများကိုမျှတသော နှုန်းထား သတ်မှတ်ရေး ညှိနှိုင်းနေဟု ပညာ‌ရေး ဒုတိယဝန်ကြီး ပြောကြား

0
302

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအချို့၏ သင်တန်းကြေးများ မြင့်မားနေမှုကြောင့် သင့်တင့်မျှတသော နှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးထားရှိကြောင်း ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာ ဇော်မြင့် က ပြောကြားလိုက်သည်။

ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးတို့သည် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများနှင့် တွေ့ဆုံစဥ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ သြဂုတ် (၁၇)ရက်က ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက ပုဂ္ဂလိကကျောင်းများ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်၊ ဆင်တာအဆင့် မှတ်ပုံတင်ခွင့်ရရှိရေး လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တက္ကသိုလ်အဆင့် မှတ်ပုံတင်ခွင့်ရရှိရန် ပညာရပ် (Academic) ပိုင်း၊ လူ့စွမ်းအားအရင်းအမြစ် (Human Resources) နှင့် အခြေခံအဆောက်အအုံ (Infrastructure) ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ ပြည့်မှီရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်းအချို့၏ သင်တန်းကြေးများမြင့်မားနေမှုကြောင့် သင့်တင့်မျှတသော နှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးထားကြောင်း ဆက်လက် ပြောကြားသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီးက ပုဂ္ဂလိကအဆင့်မြင့် ပညာ‌ကျောင်းများ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများမှ တက်ရောက်လာသောကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း‌ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here