မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ (၃) သန်းဝန်းကျင်ရှိဟု UNOCHA အသိပေး

0
211

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ယမန်နေ့ ဩဂုတ်(၁၇)ရက်က အသိပေးထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ အသိပေးချက်တွင် နိုင်ငံတစ်ဝန်းလက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များ၌ အခြေအနေ ဆိုးရွားလျက်ရှိကာ နေရပ်စွန့်ခွာသူဦးရေ ထပ်ထိုးများပြားလာ‌လျက်ရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစ၍ မရပ်မနားမိုးကြီးခြင်းများနှင့် မြစ်ချောင်းများရေကြီးရေလျှံခြင်းတို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ‌ရေလွှမ်းခဲ့ရပြီး၊ ခန့်မှန်းလူဦးရေ ၃၉၃,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရကာ ရှိရင်းစွဲလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုထားသည်။

လတ်တလော နေရပ်စွန့်ခွာခဲ့ကြရသူ အများစုမှာ မုတ်သုံမိုးရာသီအတွင်း လျော်ကန်သည့် အမိုးအကာများမရှိဘဲ နေထိုင်နေကြရသည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇွန်လနှောင်းပိုင်းမှစ၍ ပြန်လည်ဖြစ်ပွားလာသော တကျော့ပြန်တိုက်ပွဲများကြောင့် မြို့နယ်လေးခုမှ ခန့်မှန်းခြေ လူဦးရေ ၃၃,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး အရပ်သား ထိခိုက်‌ေ-သဆုံးမှုများနှင့် အိုးအိမ်တိုက်တာ အဆောက်အအုံ ပျက်စီးမှုများစွာဖြစ်ခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာသဖြင့် မြို့နယ်အချို့ရှိ နေအိမ်များမှ ထောင်သောင်းချီသော အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ပြင်းထန်လာသည့် ပဋိပက္ခ၊ သွားလာခွင့်ကန့်သတ်ချက်များ၊ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းမကောင်းခြင်းများနှင့် ရန်ပုံငွေကြီးမားစွာလိုအပ်ချက်စသည့် အခက်အခဲများကြားမှ လူသားချင်းစာနာမှုအကူအညီပေးကြသူများသည် အကူအညီများပေးရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း UNOCHA က ဆိုသည်။

နိုင်ငံတစ်ဝန်း အကူအညီပေးရန် လျာထားသည့် လူဦးရေ ၅ ဒသမ ၃ သန်းအနက်မှ ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းအပါအဝင် လူဦးရေ ၂ ဒသမ ၁ သန်းအား အကူအညီများပေးခဲ့ပြီးဖြစ် ကြောင်း ၎င်းတို့၏ ဖော်ပြချက်အရ သိရသည်။

ယခုနှစ်၏ ရှစ်လတာကာလရောက်လာပြီဖြစ်သည့်တိုင် ၂၀၂၄ လူသားချင်းစာနာမှုလိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းအရ လိုအပ်ချက်၏ ၂၁ ဒသမ ၁ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက တိုးမြှင့်ကူညီပေးနိုင်ရန် ပိုမိုရန်ပုံငွေရရှိရန် အရေးပေါ်လိုအပ်နေ သည်ဟု ၎င်းတို့၏ အသိပေးချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here