ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါး သိန်းတစ်ထောင်ကျော်ဖိုး ဖမ်းမိ

0
199

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အမျိုးသား (၂)ဦးထံမှ ငွေကျပ် (၁၂၇၈.၅) သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၁၁၀) လမ်းနှင့် (၄၉) လမ်းထောင့်တွင် သြဂုတ်(၁၆)ရက်၊ နံနက် (၁၁)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းလိန်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၁၀၀) ဂရမ် (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် (၂)နာရီအချိန်၌ အဆိုပါ စိတ်ပြောင်းဆေးဝါးများ ရောင်းချသူ ပြည်ကြီးတံခွန်မြို့နယ်၊ ”က” ရပ်ကွက်၊ (၆၉) လမ်း၊ (၁၁၂)လမ်းနှင့် (၁၁၃)လမ်းကြားနေ အားရင်၏ နေအိမ်အား ဆက်လက် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ အားရင်ကို မတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဂေါ်ရာဇူး နှင့် အတူ စိတ်ပြောင်းဆေးဝါး အက်တက်ဆီဆေးပြား (၂၅၀) ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀)၊ Happy Water အလေးချိန် ၇၉၀ ဂရမ် (ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ် ၉၄၈ သိန်း)၊ ကက်တမင်း အလေးချိန် ၁၀၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၄၀)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇.၅ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် ၅၂၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းခမ်းလိန်(၁၉)နှစ်၊ ဂေါ်ရာဇူး (၂၃) နှစ် နှင့် အားရင် တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here