အဝေးပြေးယာဉ်လိုင်း လက်မှတ်များ ဈေးနှုန်းမြင့်တက်

0
453

စက်သုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိသည့်အပြင် စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ကားလက်မှတ်များ ဈေးမြင့်တက်သွားကြောင်း သိရသည်။

ယခင်က ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လက်မှတ်ခသည် ရိုးရိုးကားလျှင် (၂၈၀၀၀) ကျပ်နှင့် အထူးကားလျှင် (၃၈၀၀၀) ကျပ်သာ ရှိသော်လည်း ယခုတွင်မူ ရိုးရိုးကား (၃၁၀၀၀)ကျပ်၊ အထူးကားလျှင် (၄၂၀၀၀) ကျပ်သို့ မြင့်တက်သွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ ဆီဈေးမြင့်တက်လာမှုကြောင့် ထိုကဲ့သို့ တိုးမြှင့်လိုက်ရခြင်းဖြစ်သည်ဟု အဝေးပြေးယာဉ်လိုင်း ဂိတ်တာဝန်ခံတစ်ဦးထံမှလည်း သိရသည်။

“ဆီက ဈေးတက်လာတယ်၊ တိုးနေရတော့ ကားတွေက မထွက်နိုင်ဘူး။ ထွက်နိုင်တဲ့ကားမှာ လူကမရဘူး။အရင်ကကုန်လေး ဘာလေးရသေးတယ်၊ အခုကုန်ကလည်းမရတော့ တွက်ခြေကိုက်အောင်တိုးရတာပါ” ဟု သူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုကဲ့သို့ ဈေးမြင့်တက်ခြင်းသည် ၎င်းတို့ယာဉ်လိုင်းတလိုင်းထဲတင် မဟုတ်ဘဲ အခြားသောယာဉ်လိုင်းများလည်း ထိုနည်းတူပင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တွင် ဩဂုတ် (၁၉)ရက် ယနေ့ စက်သုံးဆီဈေးနှုန်းများသည် စက်သုံးဆီ 92 တစ်လီတာကို (၂၉၉၀) ကျပ် ၊ 95 တစ်လီတာကို (၃၁၄၀) ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို (၂၆၂၀) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို (၃၂၁၀) ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here