ညောင်တုန်းမြို့နယ်၌ လျှပ်စစ်သုံးစက်ဘီးနှင့် ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်ကာ ဈေးကွက်အတွင်းရောင်းချ

0
648

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် လျှပ်စစ်သုံး စက်ဘီးနှင့် ဆိုင်ကယ်များ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်ထုတ်လုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့မှ သြဂုတ် (၁၇)ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီ၌ လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်များကို ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှု၊ ကာဗာတပ်ဆင်နေမှု၊ လက်ကိုင်ကိုင်း တပ်ဆင်နေမှု၊ ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသခဲ့ကြောင်း သိရသည်။

“ကိုယ့်ဒေသမှာ အခုလို ဆိုင်ကယ်၊ စက်ဘီးတွေကို ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်ထုတ်လုပ်ပြီး ရောင်းပေးတော့ အဆင်ပြေတယ်ဗျ။ ဘာလို့ဆို ထိုင်းဘီးတို့ တရုတ်ဘီးတို့ဆို တချို့ ပစ္စည်းတွေက လိုချင်လို့ လိုက်ရှာရင် ခက်တယ်။ ဈေးလည်း ပေးရတယ်ပေါ့နော်။ နယ်တွေမှာက စက်ဘီး၊ ဆိုင်ကယ်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ ယာဉ်ပေါ့နော်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲအား ကုမ္ပဏီ တာဝန်ရှိသူများက ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှု၊ လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးအစားများ ထုတ်လုပ်နေမှု၊ လျှပ်စစ်စက်ဘီး (E-Bike)နှင့် နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်မှုကို ပြသခဲ့သည်။

၎င်းလျှပ်စစ်သုံး စက်ဘီး၊ ဆိုင်ကယ်များ အသုံးပြုခြင်းဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်မှု၊ ကျောင်းသား ကျောင်း သူများအပါအဝင် အသက်အရွယ်မရွေးလွယ်ကူစွာ သုံးစွဲနိုင်မှုများ၊ E-Bike (MI. Bike 10 series)၊ နှစ်ဘီးဆိုင်ကယ် (MI. Bike 20 series)၊ နှစ်ဘီးဆိုင်ကယ်( MI. Bike 30 series) နှင့် သုံးဘီး ဆိုင်ကယ် MI.(MET) series များကို ထုတ်လုပ်ရောင်းချသွားရန် ရည်မှန်းထားကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

လက်ရှိ E-BikeMI. Bike 10 series)များကို စမ်းသပ်ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချနေမှုများကိုလည်း ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here