အိန္ဒိယ၌ ဆရာဝန်များက သပိတ်လှန်ရန်ငြင်းဆို

0
243

ကိုးလ်ကတ္တား၊ဩဂုတ် ၁၉

အိန္ဒိယနိုင်ငံမှ ထောင်နှင့်ချီသော  အငယ်တန်းဆရာဝန်များသည် အမျိုးသမီးဆရာဝန်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်လျက်ရှိကြပြီး ဆန္ဒပြမှုများကို အဆုံးသတ်ရန် ငြင်းဆိုထားကြောင်းသိရသည်။

အဆိုပါ သပိတ်ကြောင့် တစ်ပတ်နီးပါးကြာသည်အထိဆေးရုံဝန်ဆောင်မှုများရပ်တန့်ခဲ့ပြီး ဆရာဝန်များက နိုင်ငံတစ်ဝန်းရှိလုပ်ငန်းခွင်များတွင်ဘေးကင်းစေရန်နှင့် ကျူးလွန်သူများအားရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ရန်လည်းတောင်းဆိုခဲ့ကြသည်။

ဩဂုတ် ၉ ရက်နေ့က ကိုးလ်ကတ္တားရှိဆေးရုံ၌ တာဝန်ချိန်ပြင်ပ ခေတ္တအနားယူနေသည့် ဆရာဝန်အမျိုးသမီးတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အခြားဆရာဝန်များက ဆန္ဒထုတ်ဖော်နေသည့်ကာလအတွင်း အရေးေပါ်မဟုတ်သောလူနာများကို ဆေးဝါးကုသမှုမပေးဘဲနေခဲ့ကြကြောင်းသိရသည်။

အစိုးရကမူ အဆိုပါအမှုအတွက် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်သဖြင့် ဆရာဝန်များအနေဖြင့် ပုံမှန်အတိုင်းတာဝန်ထမ်းဆောင်ရန်ညွှန်ကြားထားသော်လည်း ဆန္ဒထုတ်ဖော်နေသည့်ဆရာဝန်များက ၎င်းတို့၏တောင်းဆိုမှုများအား လိုက်လျောခြင်းမရှိသရွေ့ လုပ်ငန်းခွင်ပြန်မဝင်နိုင်ဟုဆိုခဲ့သည်။

ဆရာဝန်များသာမက ၎င်းတို့နှင့်ထပ်တူရပ်တည်ကြောင်းပြသသည့်အနေဖြင့် အနောက်ဘန်ဂေါပြည်နယ်မှ အကြီးဆုံးဘောလုံးအသင်းနှစ်သင်း၏ ပရိသတ်များပါဝိုင်းရံချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး “တရားမျှတမှုကိုလိုလားသည်” ဟုရွတ်ဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုဆိုသည်။

ထို့ပြင် ဩရိသပြည်နယ်၊မြို့တော်နူးဒေလီနှင့် အနောက်ဂူဂျာရတ်ပြည်နယ်ရှိ အငယ်တန်းဆရာဝန်များအား ကိုယ်စားပြုသည့်အဖွဲ့များကလည်း ၎င်းတို့၏ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားထားသည်။

Source : ရိုက်တာ/ဒီဝိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here