ရုရှားက ဂျော့ကလူနီ ဖောင်ဒေးရှင်းကို ပိတ်ပင်

0
199

ဟောလိဝုဒ်နာမည်ကျော် သရုပ်ဆောင် ဂျော့ကလူနီ၏ အကျိုးအမြတ်မပါသော ဖောင်ဒေးရှင်းကို မလိုလားဖွယ်ရာ အဖွဲ့အစည်းအဖြစ် ရုရှားအာဏာပိုင်များက ကြေညာလိုက်ပြီး ရုရှားနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

တရားမျှတရေးဆိုင်ရာ ကလူနီဖောင်ဒေးရှင်း(CFJ) ကို အမေရိကန် သရုပ်ဆောင် ကလူနီနှင့် ဇနီးဖြစ်သူ လူ့အခွင့်အရေးရှေ့နေ အမ်မယ်လ် ကလူနီတို့က ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်းဆိုင်ရာ အမှုများကို စုံစမ်းစစ်ဆေးရန်ရည်ရွယ်ခဲ့သည်။ ၎င်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့မှုအရ CFJ သည် ယူကရိန်းစစ်ပွဲ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

ဖောင်ဒေးရှင်းသည် ရုရှားနိုင်ငံကို ဟောလိဝုဒ်စံဖြင့်ချိန်ထိုးကာ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု ရုရှားအစိုးရ ရှေ့နေချုပ်ရုံးက တယ်လီဂရမ်တွင် သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့အပြင် ဖောင်ဒေးရှင်းသည် ရုရှားနိုင်ငံမှ ထွက်ခွာသွားသော အတုအယောင် မျိုးချစ်များ ပိတ်ပင်ခံထားရသည့် အစွန်းရောက်အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့အစည်း အဖွဲ့ဝင်များကို တက်ကြွစွာ ထောက်ခံနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

ရုရှားနိုင်ငံတွင် သမ္မတ ဗလာဒီမာပူတင် အစိုးရအပေါ် ဝေဖန်သည့် အုပ်စုများအား ပစ်မှတ်ထားသော ဥပဒေတစ်ရပ်ကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းနောက်ပိုင်းမှစကာ ရုရှားနိုင်ငံတွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ဒါဇင်ပေါင်းများစွာသည် မလိုလားအပ်သော အဖွဲ့အစည်းများအဖြစ် တံဆိပ်ကပ် တားမြစ်ခံခဲ့ရသည်။ တားမြစ်ခံရသော အဖွဲ့အစည်းသည် ရုရှားနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မည် မဟုတ်သကဲ့သို့ ရုရှားနိုင်ငံရှိ ဘဏ်များသည် ယင်းအဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်ခွင့် ရှိမည်မဟုတ်ကြောင်း သိရသည်။

Ref: Politico


LEAVE A REPLY

Please enter your comment!
Please enter your name here