ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုကို မထိခိုက်စေဘဲ နိုင်ငံဖြတ်ကျော် ဂိတ်ပေါက်များတွင် Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်မည်

0
166

Mpox (မျောက်ကျောက်) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် (၁၉) ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါဖြစ်ပွားမှုနှင့် ‌ေ-သဆုံးမှုများရှိနေသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဝင်ရောက်ပြန့်ပွားမှု မရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်း၊ Mpox (မျောက်ကျောက်) ရောဂါသည် ရောဂါဖြစ်ပွားသူ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုမှတဆင့် အဓိကကူးစက်နိုင်သည့်အတွက် လူတစ်ဦးချင်းအလိုက် တကိုယ်ရေရောဂါကာကွယ်ရေး အသိ၊ သတိတို့ဖြင့် ပြုမူနေထိုင်၍ ကာကွယ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

Mpox (မျောက်ကျောက်) ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ကြောင်းကို ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဗဟိုအာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်ဖြစ်ပွားလေ့ရှိသောရောဂါအဖြစ် ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်အသွင်ကူးစက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင် (၂၃) ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ (PHEIC) အဖြစ် သတ်မှတ်ကြေညာ၍ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှု သိသာစွာကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ် မေ (၁၁) ရက်တွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့သည်။

သို့သော် ယခု ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင် ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ Mpox (မျောက်ကျောက်) ရောဂါ၏ မျိုးကွဲအသစ် (CladeIb) သည် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက် ပျံ့နှံ့မှုများရှိနေခြင်းကြောင့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနစ်မှ လက်ရှိအချိန်အထိ လူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉)ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်) ရောဂါ အတည်ပြုလူနာတွေ့ရှိခြင်း မရှိသေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များ တိကျစွာ ထုတ်ပြန်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အကြံပြုချက်များကို နှီးနွှယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံဖြတ်ကျော် ဝင်၊ ထွက် ပေါက်များတွင် Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုကို မထိခိုက်စေဘဲ အထူးအလေးထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here