တိုင်းနှင့် ပြည်နယ်အနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလ ထုတ်ပြန်

0
104

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါဝင် တိုင်းနှင့် ပြည်နယ် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ် (၂၁) ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မြန်မာစံတော်ချိန် နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းမှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အား အသင့်အတင့် ရှိနေကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

နောက်(၂)ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here