ပြည်တွင်း ဆန်၊ စပါးဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်ရန်မလိုကြောင်း ဆန်စပါးအသင်း ဥက္ကဋ္ဌ ပြော

0
271

ပြည်တွင်း၌ ဆန်၊ စပါးဖူလုံမှု အပြည့်အဝရှိသည့်အတွက် စိုးရိမ်ရန်မလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

ဆန်စပါးကို စျေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်နေသည့်အပြင် ပြီးခဲ့သည့်နှစ်က ဆန်အဟောင်း၊ စပါးအဟောင်းနှင့် နွေစပါးဆန်အသစ်များလည်းရှိသည့်အတွက် ပြည်တွင်းအတွက် ဖူလုံမှုရှိကြောင်းလည်း ၄င်းကဆိုသည်။

“ဆန်လည်း လုံလုံလောက်လောက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မနှစ်က ဆန်အဟောင်းလည်းရှိတယ်။ နွေစပါးပေါ်တဲ့ ဆန်အသစ်လည်းရှိတယ်။ နေပြည်တော်ကောင်စီအလယ်ပိုင်းဒေသဆိုရင် နွေစပါး အခုပေါ်နေတဲ့အချိန်။ ပြီးခဲ့တဲ့နှစ်က ဆန်အဟောင်း၊ စပါးအဟောင်းလည်းရှိတာဖြစ်တဲ့အတွက် ပြည်တွင်းဖူလုံမှုက အပြည့်အဝရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စရာတော့ မရှိဘူးပေါ့။ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်နေတဲ့အနေအထားလည်းရှိပါတယ်။ ဒါကြောင့်မို့ ဆန်ဖူလုံမှု အပြည့်အဝရှိတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

အဓိကကျသည့် ဈေးကွက်ကြီး(၃)ခုဖြစ်သည့် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးသို့ ဆန် အဝင်၊ အထွက်မှန်ကန်ရန်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝ ယ်ရေးဝန်ကြီးဌာန၏ လစဉ်ထုတ်သည့် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်နှင့် ပြည်သူလူထုအတွက် သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသည့် အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့လည်း တတ်နိုင်သလောက် လုပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဆန်စပါးဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံက ပုဂ္ဂလိက ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် ဝယ်တာ၊ ရောင်းတာလည်း တောင်သူတွေကလည်း လွတ်လွတ်လပ်လပ်ရောင်းနိုင်တယ်၊ ဆန်စက်ပိုင်ရှင်တွေကလည်း လွတ်လွတ်လပ်လပ်ရောင်းနိုင်တယ်။ ဒါပေမဲ့ အခုတော့ ရည်ညွှန်းဈေးရှိတာဖြစ်တဲ့အတွက် ရည်ညွှန်းဈေးနဲ့အားလုံးရောင်းရတဲ့ အနေအထားရှိတယ်။ ရည်ညွှန်းဈေးကို ကျော်လွန်ပြီးတော့ ဆောင်ရွက်လို့မရတဲ့ အနေအထားရှိပါတယ်။ ဒီအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်အောင်လည်း တိုက်တွန်းပြီးစီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆန်ဈေးအနေဖြင့် တည်ငြိမ်သည့် အနေအထားတစ်ခု ရှိနေပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက သတ်မှတ်ထားသည့် ဆန်ဆိုင်များ၌ ပေါ်ဆန်းဆန်တစ်ပြည် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၃၀၀၀ကျပ်ဖြင့် ရောင်းချပေးနေကြောင်း လည်း သိရသည်။

ထို့အပြင် ရေလွှမ်းမှုကြောင့် ပြန်လည်စိုက်ပျိုးရန် လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့ မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ထံမှ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here