လုပ်သားရှားပါးမှုနှင့် စိုက်ပျိုးစရိတ်သက်သာသည့်ပြည်တွင်းထုတ်မျိုးစေ့ချကိရိယာများသုံးခြင်းက ကြဲခင်းစနစ်ထက်ပိုတွင်ကျယ်

0
493

စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ ခရိုင် (၃)ခုမှ မြို့နယ်(၁၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) အခုရေ (၅၀၀)ကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ် (၁၉)ရက်၊ နံနက်ပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမတွင် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“နွေစပါး ပန်းအတိုင်အထွက်နှုန်း ရရှိထားပြီးဖြစ်၍ မိုးစပါးကို အခြေခံ၍ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေး လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder) များ ဝယ်ယူဖြန့်ဖြူး ထောက်ပံ့ပေးခြင်းအပြင် ဒေသအတွင်းမှလည်း စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

လက်ရှိ ဖြန့်ဖြူးပေးသည့် မျိုးစေ့ချကိရိယာများမှာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အကြီးစားစက်ရုံမှ ပြည်တွင်းဖြစ်ထုတ်လုပ်ခြင်းဖြစ်သည်။

မျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးခြင်းက လုပ်သားရှားပါးမှုနှင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာသည့်အပြင် တစ်ရက်လျှင် ပျှမ်းမျှ (၆) ဧကမှ (၈)ဧကအထိ စိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့နောက်ဝန်ကြီးချုပ်က သာယာဝတီ ခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၂၁၄)ခု၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် (၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) (၁၄၃)ခု၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Se eder) (၁၄၃)ခု၊ စုစုပေါင်း မျိုးစေ့ချကိရိယာ (Drum Seeder) (၅၀၀)ခုကို သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကြဲခင်းစနစ်ပပျောက်ရေးနှင့် စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဇွန်လ(၈)ရက်နှင့် ဇူလိုင်လ(၉)ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်အတွက် လက်ဆွဲကောက်စိုက်စက်အစီးရေ (၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here