မိုးကြီးရေလျှံမှုကြောင့်ရပ်နားထားခဲ့ရသည့် ပုသိမ် – ဟင်္သာတ – ကြံခင်း ရထားပြန်လည်ပြေးဆွဲ

0
163

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ယာယီရပ်နားထားခဲ့ရသည့် ပုသိမ် – ဟင်္သာတ – ကြံခင်း ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင် ရထားသံလမ်းပေါ်သို့ ရေကျော်တက်ခြင်း၊ ရထားတံတားအချို့၏ ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ရေကျော်စီးဆင်းနေသော နေရာများတွင် ရေကင်းစောင့်ဝန်ထမ်းများ နေ့/ညမပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွားသည့် ရထားလမ်းပိုင်းအတွင်း မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်များချခြင်း၊ ရထားလမ်းနှင့် တံတားများ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

ယခုအခါ ဩဂုတ် (၁၉) ရက် တိုင်းတာစစ်ဆေးချက်များအရ ဇရပ်လှ-ရေကြည် လမ်းပိုင်းအတွင်း သံလမ်းမျက်နှာပြင်အောက် တစ်လက်မခန့်အထိ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရထားလမ်းပိုင်းနှင့် တံတားကြံ့ခိုင်မှုများ စစ်ဆေးမှုအရ ရထားများဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်၍ သံလမ်းပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ဩဂုတ် (၁၉)ရက်၊ နံနက် (၉) နာရီတွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်အစအဆုံးဖြစ်သည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/အဆန်ရထားများကို ဩဂုတ် (၂၁) ရက်မှစတ င်၍ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here